တရားဝင်ဘဏ်၊ ငွေကြေးအဖွဲ့အစည်းတွေနဲ့ မသက်ဆိုင်ဘဲ အင်တာနက်မှာ သီးသန့်လည်ပတ်နေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးပုံစံတမျိုးကို တီထွင်ခဲ့သူလို့ ယူဆရတဲ့သူရဲ့ နေအိမ်ကို ဒီဇင်ဘာ ၉ ရက်နေ့က သြစတြေးလျ ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့ကြပါတယ်။
အိမ်ပိုင်ရှင် ခရိတ် စတီဗင် ရိုက် (Craig Steven Wright) ဟာ ဘစ်ကွိုင် (Bitcoin) ဒစ်ဂျစ်တယ်ငွေကြေးကို တီထွင်သူလို့ Wired and Gizmodo နည်းပညာဝက်ဆိုက်က ဖော်ပြခဲ့အပြီး သြစတြေးလျရဲတပ်ဖွဲ့က အခုလို သူ့ရဲ့ ဆစ်ဒနီမြို့က နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ကြတာပါ။
ကမ္ဘာ့ငွေကြေးတွေကို မကိုင်လိုတဲ့သူတွေက ဒီ သီးခြား ဒစ်ဂျစ်တယ်ငွေကြေးသစ်တမျိုးကို ၀ယ်ကိုင်ထားကြပြီး ၀ယ်ယူကိုင်ထားသူဦးရေလည်း တိုးတက်များပြားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
လက်ရှိ ဘစ်ကွိုင် ဒစ်ဂျစ်တယ်ငွေကြေးတန်ဖိုး ၁ သန်းလောက်၊ လက်ရှိ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ဒေါ်လာသန်း ၄၀၀ လောက် အင်တာနက်မှာ လည်ပတ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီငွေကြေးကို စတင်တီထွင်သူ ခရိတ်နဲ့ သြစတြေးလျ အခွန်အာဏာပိုင်တဦးတို့ ဆွေးနွေးချက်တွေ၊ အီးမေးလ်တွေ ပေါက်ကြားခဲ့ပြီး အဲ့ဒီအချက်အလက်တွေကို အခြေခံပြီး စုံစမ်းစစ်ဆေးတယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ဆိုပါတယ်။
ဒီ ဘစ်ကွိုင်ဒစ်ဂျစ်တယ်ငွေကြေး စတင်ပေါ်ပေါက်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းကစပြီး တီထွင်သူ ဘယ်သူဘယ်ဝါဆိုတာကို သတင်းမီဒီယာတွေ၊ ဘစ်ကွိုင်စုဆောင်းသူ ၀ါသနာရှင်တွေက စုံစမ်းနေခဲ့ကြတာပါ။
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိဒ်မြို့နားမှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် အမေရိကန်-ဂျပန်တဦးဟာ ဒီငွေကြေးကို စထွင်ခဲ့သူဖြစ်တယ်လို့ နယူးစ်ဝိခ် မဂ္ဂဇင်းက ပြီးခဲ့တဲ့နှစ်မှာ ဖော်ပြခဲ့ပါသေးတယ်။
7 years Ago