ကစားခွင့် နည်းပါးနေပေမယ့် ဒင်းဟန်ဒါဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေကြောင်း နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။
ရရှိလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချသွားဖို့လည်း ဆိုးလ်ရှားက အင်္ဂလန်ဂိုးသမားကို တိုက်တွန်းပါတယ်။
အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ရှက်ဖီးလ်မှာ အငှားထွက်ကစားကာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် ပထမဦးစားပေး ဂိုးသမားနေရာကို ယှဉ်ပြိုင်ဖို့ ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာတာပါ။
ဒါပေမဲ့ ယူနိုက်တက်အသင်းမှာ ဒီဂီယာကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်နေရပြီး အသင်းအတွက် လိဂ်ပွဲ ၂ ပွဲနဲ့ ချန်ပီယံလိဂ် ၁ ပွဲသာ ကစားခွင့်ရထားပါသေးတယ်။
လာမယ့်နွေရာသီ ယူရိုပြိုင်ပွဲ ရှိတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရရေးအတွက် ဟန်ဒါဆန်ဟာ ပွဲကစားခွင့် ပိုမိုလိုအပ်နေပြီး လာမယ့်ဇန်နဝါရီမှာ အငှားထွက်ကစားမယ်လို့လည်း ယူဆရပါတယ်။
ဒါပေမဲ့ ဆိုးလ်ရှားကတော့ ဟန်ဒါဆန်အတွက် ကစားခွင့်ဟာ ရောက်ရှိလာလိမ့်မယ်လို့ အခိုင်အမာ ပြောပါတယ်။
အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲမှာ ဟန်ဒါဆန် ပွဲထွက်ခွင့်ရမလား အတိအကျ မပြောနိုင်ပေမယ့် ဂိုးသမားဟာ မန်ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေတယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။
“ဘာဆတ်ဆီဟာ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါခွင့်ရခြင်း မရခြင်းက သူ့အတွက် အဆုံးအဖြတ်ပေးသွားမယ့်ကိစ္စ မဟုတ်ပါဘူး။ သူဟာ ပိုမိုရင့်ကျက်တဲ့ အနေအထားနဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီး ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးနဲ့လည်း လေ့ကျင့်ရေးကို အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးထဲက တစ်ယောက်ဖြစ်လာဖို့ အလားအလာရှိသူပါ။ အသင်းမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုရှိနေပြီး စွမ်းဆောင်ရည်ကသာ ဘယ်သူ ကစားရမလဲ၊ ဘယ်သူက အရန်ခုံမှာ ထိုင်ရမလဲဆိုတာကို အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ ခင်ဗျားသာ ယူနိုက်တက်အသင်းအတွက် ကစားတဲ့သူဆိုရင် ကျနော်နဲ့ နည်းပြတွေ စိတ်တိုင်းကျ စွမ်းဆောင်ပြနိုင်တာဟာ နောက်တစ်ခါ ပွဲထွက်ကစားခွင့် ရရှိဖို့အတွက် အခွင့်အရေးကို ပိုပြီးကြီးမားစေပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။
ဟန်ဒါဆန်ဟာ အစ္စတန်ဘူလ် ဘာဆတ်ဆီဟာ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပြီး ဒီပွဲမှာ ယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ လာမယ့်အင်္ဂါနေ့မှာ တူရကီကလပ်ကို အိုးထရက်ဖို့ဒ်မှာ လက်ခံကစားမယ့်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် ကစားသမားတွေဆီက ပိုကောင်းတဲ့တုံ့ပြန်မှုမျိုး မျှော်လင့်ထားတယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။
3 months Ago