ဒင်္ဂါးပြား

March 28, 2017

ဂျာမနီတွင် ကီလို ၁၀၀ လေးပြီး အမေရိကန်ဒေါ်လာ ၄ သန်းခန့်တန်သည့် ဒင်္ဂါးပြားကြီး အခိုးခံရ

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်က ပြတိုက်တခုမှာ ပြသထားတဲ့ အလေးချိန် ကီလို ၁၀၀ ရှိပြီး အမေရိကန်ဒေါ်လာ ၄ သန်းခန့် တန်ကြေးရှိ ဒင်္ဂါးပြားကြီးဟာ မတ်လ ၂၇ ရက် မနက်ပိုင်းက အခိုးခံရပါတယ်။ Big Maple Leaf လို့ အမည်ပေးထားတဲ့ ကနေဒါဒင်္ဂါးပြားကြီးကို ၂၄ ကာရက် ရွှေသားအစစ်နဲ့ လုပ်ထားတာဖြစ်ပြီး မတ်လ ၂၇ ရက် မနက် ၃ နာရီခွဲလောက်က အခိုးခံရတယ်လို့ ပြတိုက်တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။ အချင်း ၂၁ လက်မလောက်ရှိပြီး ဒီလောက်လေးတဲ့ ဒင်္ဂါးပြားကြီးကို သူခိုးတွေ အချက်ပေးကိရိယာတွေကို ဘယ်လိုပိတ်ပြီး ခိုးသွားကြလဲဆိုတာ သေချာမသိရသေးပါဘူး။ ကီလို ၁၀၀ ရှိတဲ့အတွက် တယောက်တည်း ဝင်ခိုးတာ မဟုတ်လောက်ဘူးလို့ ရဲတပ်ဖွဲ့က ယုံကြည်ပါတယ်။ အနီးက ရထားလမ်းပေါ်မှာ လှေကားတခုကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ဒီရွှေဒင်္ဂါးပြားကြီးကို ကျည်ကာမှန်အိမ်နဲ့ထားတာလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောဆိုပေမယ့် လုံခြုံရေးဝန်ထမ်းတွေနဲ့ အချက်ပေးကိရိယာ ကိစ္စတွေကိုတော့ အသေးစိတ်မပြောပါဘူး။ ဒီဒင်္ဂါးပြားကြီးကို ၂၀၀၇ ခုနှစ်က ကနေဒါ ရွှေဒင်္ဂါးတိုက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး အထူ ၁ လက်မကျော်ရှိပါတယ်။ တဘက်မှာ ဒုတိယအယ်လီဇဘက် ဘုရင်မအရုပ်နဲ့ တခြားတဘက်မှာတော့ ကနေဒါနိုင်ငံရဲ့ အမျိုးသားလက္ခဏာ မေဘဲလ်ရွက် ရိုက်ထားပါတယ်။ ဒီရွှေဒင်္ဂါးပြားကြီး ပျောက်ဆုံးသွားတဲ့ ပြတိုက်ကြီးမှာ ဒင်္ဂါးပြားပေါင်း ၅ သိန်း ၄ သောင်း ထိန်းသိမ်းပြသထားပြီး ဒီရွှေဒင်္ဂါးပြားကြီးတချပ်ပဲ ပျောက်ဆုံးခဲ့တယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြပါတယ်။
5 years Ago
Up