ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကျင်းပ

July 1, 2018

ဒဂုံတက္ကသိုလ်ကျောင်းသားဂျာနယ် ထုတ်ရန် စီစဉ်နေ

ဒဂုံတက္ကသိုလ်မှာ ကျောင်းသားဂျာနယ်တစောင်ကို အခုလအတွင်းထုတ်နိုင်ဖို့ စီစဉ်နေပါ တယ်။ ကျောင်းသားသမဂ္ဂက စီစဉ်တာဖြစ်ပြီး ကျောင်းတွင်းသတင်းတွေကို ဦးစားပေး ဖော်ပြမယ်လို့ ဦးဆောင်နေသူတယောက်ဖြစ်တဲ့ ကိုဇင်မင်းဖြိုးက ပြောပါတယ်။ “အခုခေတ်မှာ သတင်းစီးဆင်းမှုက အရမ်းမြန်တယ်။ အထူးသဖြင့် အွန်လိုင်းပေါ်က သတင်းတွေပေါ့။ ဒါပေမယ့် ဒါတွေက တိကျမှု၊ ပြည့်စုံမှု၊ အာမခံမှု ရှိလားပေါ့။ ကျနော်တို့က ပြည့်စုံတိကျပြီး အာမခံတဲ့ သတင်းအချက်အလက်တွေက ကျောင်းသားတွေနဲ့ ကျောင်းက ဆရာ ဆရာမတွေကို ပေးချင်တာပါ” လို့ ပြောပါတယ်။ ဒီလ တတိယပတ်လောက်က စလို့ တပတ်တကြိမ် ထုတ်ဝေဖို့ စီစဉ်နေပြီး ပုံမှန်ဂျာနယ်တစောင်လိုမျိုး ကဏ္ဍစုံအောင်ထည့်သွင်းမယ်လို့လည်း သူက ပြောပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ ကျောင်းသားတွေထဲက စိတ်ပါဝင်စားသူတွေကို ဖိတ်ခေါ်ပြီး အခြေခံ သတင်းသင်တန်းပေးခဲ့တာပါ။ “ဒဂုံတက္ကသိုလ်က အကြောင်းတွေ၊ ကျောင်းသားသတင်းတွေကို ဦးစားပေးမယ်။ သင်တန်း ပေးထားတာ ၁၅ ယောက်လောက်ရှိတယ်။ ကြော်ငြာလည်းလက်ခံမှာပါ” လို့ ကိုဇင်မင်းဖြိုးက ပြောပါတယ်။ ဂျာနယ်ရဲ့ နာမည်ကိုလည်း ကျောင်းသားတွေ အဆိုပြုထားတဲ့အထဲက ၄ ခုကို ရွေးချယ်ထားပြီး အတည်ပြုဖို့ ကျန်နေသေးတယ်လို့ သူက ဆိုပါတယ်။ ဒဂုံတက္ကသိုလ်မှာ နေ့ကျောင်းတက် ကျောင်းသား ၂ သောင်းကျော်နဲ့ အဝေးသင် ကျောင်းသား ၄ သောင်းကျော် တက်ရောက်နေတာပါ။
3 years Ago

January 24, 2018

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကျင်းပ

  ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို ဒီနေ့ မနက်ပိုင်းကစပြီး ကျောင်းထဲမှာ ကျင်းပနေပါတယ်။ ဒီရွေးကောက်ပွဲမှာ ပါမောက္ခချုပ်က ရွေးချယ်ပေးထားတဲ့ ဆရာတွေလည်း ရွေးကောက်ပွဲ သဘာပတိ အဖြစ် ပါဝင် ဆောင်ရွက်နေတာပါ။ လက်ရှိ သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ကိုသင့်မြတ်ဇေသွင်က “ပါမောက္ခချုပ် ရွေးပေးတဲ့ ဆရာ ၃ ယောက်၊ ဆရာများသမဂ္ဂက ရွေးပေးတဲ့ ကိုယ်စားလှယ် ၃ ယောက်နဲ့ လက်ရှိ သမဂ္ဂကရွေးတဲ့ ကိုယ်စားလှယ် ၉ ယောက်နဲ့ သဘာပတိအဖွဲ့ ဖွဲ့ထားပါတယ်။ ဝင်ပြိုင်ကြတာ ကတော့ Unity & Progress ရယ်၊ Future The Dagon ဆိုတဲ့ ကျောင်းသား အဖွဲ့ ၂ ခုက ကျောင်းသားတွေ အဓိက ဝင်ပြိုင်ကြပါတယ်။ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာလည်း ရှိပါတယ်” လို့ ပြောပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ သမဂ္ဂဝင်လောင်းကတော့ ၃၁ ယောက်ရှိပါတယ်။  ကျောင်းနားနေဆောင်နဲ့ စာသင်ခန်းတခုမှာ မဲရုံနှစ်ရုံဖွင့်ထားပြီး မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ရွေးကောက်ပွဲကျင်းပနေရာမှာ နေ့လယ် ၂ နာရီခွဲအချိန်အထိ လူ ၄၀၀၀လောက် မဲပေးပြီးသွားပြီလို့သိရပါတယ်။ ဒီနှစ်မှာတော့ ဒဂုံတက္ကသိုလ် အဝေးသင်ကျောင်းသားတွေလည်း ဝင်ရောက်ယှဉ်ပြိုင်၊ မဲပေးလို့ရတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - သင့်မြတ်ဇေသွင်
3 years Ago
Up