ဒဂုံမြို့သစ်မြောက်ပိုင်း

March 11, 2021

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် စစ်တပ်နှင့်ရဲက အကြမ်းဖက်ပစ်ခတ်သဖြင့် ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ

ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းမှာ  စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့စစ်တပ်က သေနတ်နဲ့အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့်  အမျိုးသား ၁ ဦး ဦးခေါင်းကို ကျည်ဆန်ထိမှန် သေဆုံးပြီး  ၁ ဦးဒဏ်ရာရရှိသွားပါတယ်။

ဒီနေ့မနက် ၁၁ နာရီ လောက်က  ဒဂုံမြို့သစ်မြောက်ပိုင်း ၃၅ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမှာ သပိတ်မှောက်နေတဲ့လူငယ်တွေကို  စစ်တပ်နဲ့ရဲက ကျည်ဆန်အစစ်နဲ့ပ စ်ခတ်ခဲ့ရာမှာ ဒိုင်းကိုင်ဆောင်ထားတဲ့  အသက် ၂၄ နှစ်အရွယ် ကိုချစ်မင်းသူရဲ့ ဦးခေါင်းကို ကျည်ဆန်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တာလို့ အဆိုပါနေရာကို သွားရောက်ခဲ့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်မှာ နောက်ထပ် အမျိုးသား ၁ ဦးလည်း ဆီးခုံကို သေနတ် ကျည်ဆန်ထိမှန်ဒဏ်ရာရှိသွားပါတယ်။

သေဆုံးသွားသူရဲ့ အလောင်းကို သယ်ယူဖို့ကြိုးပမ်းစဉ်မှာလည်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ခဲ့တဲ့အကြောင်းနဲ့ ၃ ကြိမ်တိုင်တိုင်ကြိုးပမ်းမှ အလောင်းကို ကားပေါ်ကိုတင် သယ်ယူနိုင်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

သေဆုံးသွားသူရဲ့ အလောင်းကို ဘယ်ဆေးရုံကမှ လက်မခံတဲ့အတွက် မြောက်ဒဂုံရှိ  နာရေးကူညီမှု အသင်းဆီ ပို့ဆောင်ထားတယ်လို့သိရပါတယ်။

9 months Ago
Up