ဒဂုန်တာရာ ကွယ်လွန်ပြီး ၃ နှစ်၊ ရာပြည့် ၃ နှစ်လို ငြိမ်းချမ်းရေး ဘယ်ဆီကို...

May 10, 2016

ဒဂုန်တာရာ ကွယ်လွန်ပြီး ၃ နှစ်၊ ရာပြည့် ၃ နှစ်လို ငြိမ်းချမ်းရေး ဘယ်ဆီကို...

“ကွယ်လွန်သူတို့ကို ကျွန်ုပ်တို့ မမေ့သေးသမျှ သူတို့ဟာ ကွယ်လွန်သည် မဟုတ်သေးပေ။” (ဂျော့အဲလီးယော့) မြန်မာသစ် ရသစုံမဂ္ဂဇင်း အမှတ် ၃ မှာ ကွယ်လွန်သူ ကဗျာဆရာ ကိုသော် (ရေဦး) အတွက် ရေးထားတဲ့ ဆရာပိုင်စိုးဝေရဲ့ ဆောင်းပါးထဲက စကားလုံးတွေပါ။ ကွယ်လွန်သူ ကဗျာဆရာတွေ ထဲမှာ ၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်းရိုက်ပွဲကြီးအကြောင်း ဒီပရင်္ဂ ခေါင်းစဉ်နဲ့ သွယ်ဝိုက်ရေးသား ခဲ့တဲ့ ဆရာလှသန်းကို ပြေးမြင်မိတယ်။ သူက ကဗျာဆရာ ကြည်မောင်သန်းပေါ့။ နောက်တယောက်က ကွယ်လွန်သူ ကဗျာဆရာကြီး တင်မိုး၊ နောက်တဦးက ကွယ်လွန်သူ ကဗျာဆရာကြီး ကြည်အောင်၊ နောက်တယောက်က လက်ဖက်ရည်ကြမ်းဝိုင်း ရေးခဲ့သူ ကွယ်လွန်သူ ဆရာ ဗန်းမော်ညိုနွဲ့၊ နောက် မတ်လတော်လှန်ရေး ကဗျာရှင် ကွယ်လွန်ပြီးတာ ၃ နှစ်ကြာတဲ့ ဆရာကြီး ဒဂုန်တာရာ (၁၀ မေ ၁၉၃၉ - ၁၉ သြဂုတ် ၂၀၁၃) တို့ကို ပြေးမြင်မိလိုက်တာပေါ့။ ကဗျာဆရာကြီး ဒဂုန်တာရာကတော့ ကဗျာအပြင်၊ ၀တ္ထုတို၊ ဆောင်းပါးနဲ့ ၀တ္ထုရှည် စသဖြင့် စာမျိုးစုံရေးသူ စာရေးဆရာကြီး မဟုတ်ပါလား။ ၂၀၁၃ ခုနှစ် သြဂုတ် ၁၉ ကွယ်လွန်တာမို့ အခုဆို သူ မရှိတာ ၃ နှစ်ကြာပြီလေ။ ပြီးတော့ မေ ၁၀ ရက် ၁၉၁၉ ခုနှစ်ဖွားမို့ နောက်သုံးနှစ်ကြာမယ့် ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်ကျရင် အသက် ၁၀၀ ပြည့်တော့မှာပါ။ အခုနှစ် ၂၀၁၆ မေလ ၁၀ ရက်ကတော့ သက်ရှိထင်ရှား ရှိနေဦးမယ်ဆို သူ့ရဲ့ ၉၇ နှစ်ပြည့်မွေးနေ့ပေါ့။ ဒဂုန်တာရာ ၉၇ ပြည့် နေ့ရက်မှာ သူ အရင်က ပြောခဲ့ဖူးတဲ့ မြန်မာပြည်အတွက် ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ကြားယောင်နေမိပါတယ်။ “ငယ်ငယ်တုန်းကတော့ ပြည်တွင်းစစ်ကြီးဟာ ဒီလောက်ကြာမယ်လို့ မထင်ခဲ့ဘူးဗျာ။ ၁ နှစ် ၂ နှစ် ၃ နှစ် လောက်နဲ့ ပြီးလိမ့်မယ်လို့ ထင်ခဲ့တယ်ဗျာ။ အခုတော့ ဒီလောက်ထိ ကြာပြီး လူမျိုးစုတွေလည်း နာလှပါပြီ။ ပြည်သူတွေလည်း နာလှပါပြီဗျာ။ အဲ့ဒီတော့ မြန်မြန်ပျောက်မယ့်ဟာကို ကျနော်တော့ ငြိမ်းချမ်းရေး လိုချင်တယ်ဗျာ။” ဒါကတော့ ၂၀၁၀ ခုနှစ်၊ သူ့ရဲ့ ၉၁ နှစ်ပြည့်မွေးနေ့က အလေးအနက်၊ အမှတ်တရ ငြိမ်းချမ်းရေးလိုချင်ကြောင်း ဒဂုန်တာရာက ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ အခု သူ ကွယ်လွန်ပြီး ၃ နှစ်ကြာချိန်အထိ ပလောင်-ရှမ်းတိုက်ပွဲသံတွေ၊ ပလောင်တပ်တွေနဲ့ တပ်မတော် တိုက်ပွဲသံတွေက ကြားနေရတုန်း မဟုတ်လား။ ရှမ်း-ပလောင် ဒုက္ခသည်တွေ၊ ရခိုင်နဲ့ ချင်းဒုက္ခသည်တွေ ထွက်ပြေးနေကြရတုန်းလေ။ ရခိုင်ဒုက္ခသည်တွေ ထွက်ပြေးနေကြရတဲ့ သတင်းတွေ ကြားနေရတယ်။ ချင်းဒုက္ခသည်တွေသတင်း မကြားရပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်လို့ သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်း ချင်းလူမျိုးတွေလည်း တွဲကာ နေထိုင်နေကြတယ်။ တိုက်ပွဲကြားမှာ ချင်းတွေလည်း ပြေးနေကြတာပဲ။ ကချင်နယ်မြေမှာကော အခုစာရေးနေချိန်အထိ တိုက်ပွဲတွေ ဖြစ်နေတုန်းပါ။ ကချင်ဒုက္ခသည်တွေလည်း အိမ်မပြန်နိုင်သေး။ ဒါပေမယ့် တိုက်ပွဲတွေက ထပ်ဖြစ်နေသေး။ ထပ်ကာ ထွက်ပြေး။ ဒုက္ခသည် ၂ ထပ်ကွမ်းတွေ များများလာနေ။ ရှမ်း၊ ပလောင်၊ ရခိုင်နဲ့ ချင်း၊ ကချင်တိုင်းရင်းသားတွေရဲ့ ဘ၀ဆိုး ဘ၀ပျက်တွေကို မြင်နေရတာ တပြည်လုံးက ပြည်သူတွေရော စိတ်ချမ်းသာနိုင်ပါ့မလား။ ဒဂုန်တာရာသာ ရှိနေသေးလျင်ဖြင့် မည်သို့ ကဗျာရေးစပ်ဦးမည် မသိ။ ဒဂုန်တာရာဟာ ကဗျာရေး၊ စာရေးတာအပြင် ပန်းချီနဲ့ ဂီတဘက်မှာလည်း ပါရမီရှိသူပါ။ ဒီလို အနုပညာ ရေးရာတွေနဲ့အတူ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေးတွေမှာလည်း ပါဝင်လုပ်ကိုင်ခဲ့သေးပါတယ်။ သူ့မွေးနေ့ ၉၇ နှစ်မြောက်မှာ သူရေးသားခဲ့တဲ့ နေရီရီစာအုပ်တိုက်၊ ဒုတိယအကြိမ်ထုတ် “ဖျတ်ကနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ”  စာအုပ်မှာ ဖော်ပြထားတဲ့ သူ့အတ္ထုပတ္တိကို ဖော်ပြပေးပါမယ်။
ဒဂုန်တာရာ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ထိုင်ကူမြစ်တန်းရွာ၌ အဘ ဦးဘအုန်းနဲ့ အမိ ဒေါ်ဖွားရှင်တို့မှ ၁၉၁၉ ခုနှစ် မေလ ၁၀ ရက် စနေနေ့တွင် မွေးဖွားသည်။ တဦးတည်းသော သားဖြစ်၍ အမည်ရင်း ဦးဋ္ဌေးမြိုင် ဖြစ်သည်။ ရန်ကုန် ၇ လမ်း အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ကျိုက်လတ်အမျိုးသားကျောင်း (၁၉၂၇-၃၆)၊ ရန်ကုန် ရေကျော်မက်သဒစ်ကျောင်း (၁၉၃၆-၃၇)၊ ရန်ကုန်တက္ကသိုလ် (၁၉၃၇-၄၀) တို့၌ ပညာသင်ကြားခဲ့သည်။ တကသအမှုဆောင် (၁၉၃၉)၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာနဲ့ မျိုးညွန့်မဂ္ဂဇင်း အယ်ဒီတာချုပ် (၁၉၄၀)၊ တာရာမဂ္ဂဇင်း ထုတ်ဝေသူနဲ့ အယ်ဒီတာ (၁၉၄၆)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ (၁၉၅၀)၊ စာပေမဂ္ဂဇင်း အယ်ဒီတာ (၁၉၅၁)၊ စာပေသစ်မဂ္ဂဇင်း စတင်ထုတ်ဝေသူနှင့် အယ်ဒီတာ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် မြန်မာနိုင်ငံ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ၁၉၆၂ ခုနှစ် အမျိုးသားစာပေညီလာခံ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်နိုင်ငံစာရေးဆရာ စာပေကလပ် အတွင်းရေးမှူး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ ဥက္ကဋ္ဌ တာဝန်များကို ယူခဲ့သည်။ ၁၉၃၄ ခု ဖေဖော်ဝါရီလ တက္ကသိုလ် သိပ္ပံမဂ္ဂဇင်းပါ မြိုင်သဇင် ကလောင်အမည်ဖြင့် ရေးသည့် မှုန်ပြာရီဝတ္ထုသည် ပထမပုံနှိပ်ဝတ္ထု ဖြစ်သည်။ ကဗျာဆရာ၊ ရုပ်ပုံလွှာအဖွဲ့အနွဲ့၊ ခရီးသွားမှတ်တမ်းနှင့် စာပေ၊ အနုပညာ၊ နိုင်ငံရေး ဝေဖန်ရေးဆရာ အဖြစ်လည်း ထင်ရှားသည်။ ထင်ရှားသော စာအုပ်များမှာ မေ (၁၉၄၁၊ ၄၇၊ ၆၃၊ ၇၄)၊ ဒဂုန်တာရာ၏ ဒဂုန်တာရာ (၁၉၅၀)၊ ဒဂုန်တာရာ၏ ဒဂုန်တာရာနှင့် သူ၏ကဗျာ (၁၉၆၇)၊ ရုပ်ပုံလွှာ (၁၉၅၅၊ ၆၃)၊ စပယ်ဦး ၀တ္ထုတိုများ (၁၉၆၁၊ ၉၂)၊ အလင်္ကာကဗျာများ (၁၉၆၂)၊ ကြာပန်းရေစင် (၁၉၆၃)၊ ဒဂုန်တာရာ၏ ၀တ္ထုတိုပေါင်းချုပ် (၁၉၆၉၊ ၇၄)၊ ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ (၁၉၇၉)၊ မာယာကဗျာများ (၁၉၉၁)၊ ကြယ်ရိပ်ပန်းနု ၀တ္ထုတိုများ (၁၉၉၃၊ ၂၀၀၄)၊ စိမ်းမြဧရာ (၁၉၉၄)၊ စန္ဒယားဆရာ (သို့မဟုတ်) မဟာအချစ် (၁၉၉၅) နှင့် သုနာပရန္တ (၁၉၉၅) တို့ ဖြစ်ကြသည်။ ဒဂုန်တာရာ၏ ကလောင်ကွဲများမှာ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ စောတင်မူ၊ ဌေးမြိုင်၊ မောင်သစ္စာ၊ မောင်ဘတင့်၊ မောင်စ၊ ဗညားသီဟ၊ မောင်စိမ်းမြ၊ ဦးဒဂုန်၊ မောင်လင်းထက်၊ မောင်ကြာညွန့် စသည်တို့ ဖြစ်ကြသည်။ ဖြည့်ပြောရရင်တော့ သူ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်က ကွယ်လွန်သွားခဲ့တယ်။  အထက်က သူ့ အတ္ထုပတ္တိမှာ သူ အကျဉ်းစံခဲ့ရတဲ့ နှစ် လ နေ့ရက်တွေ မပါသေး။ ဒဂုန်တာရာဟာ သူနဲ့ သိကျွမ်းခင်မင်သူတွေအကြောင်း ရုပ်ပုံလွှာတွေရေးတယ်။ ဒီထဲမှာ ဟေမာနေ၀င်းအကြောင်း ရေးတော့ ဟေမာ နိုင်ငံခြားက ပြန်လာချိန် သူက ထောင်ထဲရောက်နေကြောင်း ဖော်ပြခဲ့ဖူးတယ်။ ဒီနေရာမှာတော့ မြန်မာပြည် လတ်တလော လိုအပ်နေတဲ့ ဒဂုန်တာရာ မျှော်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေးဟာ အခုထိ မပြည့်စုံသေးတာကိုပဲ ပြောချင်ပါတယ်။ ဒဂုန်တာရာက ၂၀၁၀ ခုနှစ်၊ သူ့ရဲ့ ၉၁ နှစ်ပြည့်မွေးနေ့က ငြိမ်းချမ်းရေးလိုချင်ကြောင်း ပြောခဲ့တာကို ဆက်ပါမယ်။ သူက ….. “ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘာမှလုပ်လို့ မရနိုင်ဘူးဗျာ။ ငြိမ်းချမ်းရေးရှိမှ အကုန်လုပ်လို့ရတယ်။ သမိုင်းအတွေ့အကြုံ အရတော့ ငြိမ်းချမ်းရေးရအောင် ငြိမ်းချမ်းရေးနည်းနဲ့ပဲ သွားရပါမယ်။ ဒီနည်းကတော့ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲလာအောင် လုပ်တာ။ ဒီသဘောတရား ကိုင်ထားပါ။ တဘက်က ကိုယ့်ကို ဘယ်လိုသဘောထားတာ မသိနိုင်ဘူးပေါ့ဗျာ။ ကိုယ်ကတော့ ရန်သူလို့ သဘောမထားရင်၊ ဒါ ရန်သူမရှိဘူးပေါ့။ ရန်သူမရှိရင် ငြိမ်းချမ်းရေးရမှာပဲ။ ငြိမ်းချမ်းရေးရမှသာလျှင် တိုင်းပြည်အကျိုး သယ်ပိုးဆောင်ရွက်နိုင်မယ်။ ဘာဖြစ်လို့ ငြိမ်းချမ်းရေး အားနည်းသလဲ။ ညီညွတ်ရေးအားနည်းလို့၊ ဘာဖြစ်လို့ ညီညွတ်ရေး အားနည်းသလဲ။ တန်းတူအခွင့်အရေး၊ လွတ်လပ်ရေး အားနည်းလို့ ညီညွတ်ရေး အားနည်းတာ။ ညီညွတ်ရေး အားကောင်းရင် ကောင်းသလောက် ငြိမ်းချမ်းရေးအားလည်း ကောင်းမှာပဲလို့ ယုံကြည်တဲ့အတွက် ငြိမ်းချမ်းရေးပဲ လုပ်ကြပါ။ ငြိမ်းချမ်းရေးပဲ လုပ်ကြပါ။ ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ။ ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ။ ညီညွတ်ရေး အဓွန့်ရှည်ပါစေ။ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေး အဓွန့်ရှည်ပါစေလို့ ကျနော် ပြောချင်ပါတယ် ခင်ဗျား။” ဒါဟာ ဒဂုန်တာရာရဲ့ ၉၁ နှစ်ပြည့် ပြောစကားဆိုပေမယ့် သူကွယ်လွန်ချိန်တိုင်အောင် ဒီမူဝါဒကို စွန့်မသွားပါ။ ဒဂုန်တာရာအကြောင်းကတော့ ရေးလို့မကုန်တတ်ပါ။ သူကိုယ်တိုင်ကပဲ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို  အောင်ဆန်း (သို့မဟုတ်) အရိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ အရိုင်းဝိသေသ၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်း၊ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့များ စသည် စသည် ရုပ်ပုံလွှာအမျိုးမျိုး ရေးခဲ့တယ်။ ကျောင်းသားဘ၀၊ စစ်သားဘ၀၊ စာပေသမားဘ၀ စသည်ဖြင့်ပေါ့။ သူများရုပ်ပုံလွှာတွေ ရေးခဲ့သူ ဒဂုန်တာရာကိုယ်တိုင်လည်း သူ့အကြောင်းတွေကို ပြန်ရေးသားကြတာတွေ တွေ့ရတာပါ။ ဆရာကြီးပါရဂူ၊ တက္ကသိုလ် နေ၀င်းတို့က သူ့အကြောင်း ရေးခဲ့ဖူးတာကို ဒဂုန်တာရာက ပြန်ပြော ပြန်ရေးခဲ့ဖူးတာပါ။ ဒါကြောင့် အောင်ဆန်းရုပ်ပုံလွှာကို အပိုင်းပိုင်းခွဲ ရေးသားခဲ့ဖူးတဲ့ ဒဂုန်တာရာအကြောင်းကို ပုံစံမျိုးစုံ၊ ဘက်စုံက ရေးသင့်လှပါတယ်။ မုံရွာက စာရေးဆရာကြီး ဦးအံ့မောင်က ဒဂုန်တာရာဟာ လုံးချင်းစာအုပ်ပေါင်း ၄၀ ကျော်လောက် ထုတ်ခဲ့တယ်လို့ သူ့ဆောင်းပါးမှာ ရေးထားပါတယ်။ ဦးအံ့မောင်ကပဲ  “မြန်မာဘာသာစကား မပျောက်သရွေ့ သူ့စာများ၏အလှ လက်ပနေဦးမည်။” လို့ ၂၀၁၅ မေ ၅ ရက်ထုတ် စံတော်ချိန်သတင်းစာပါ ဘာပန်းလို့ခေါ်မလဲ ဆောင်းပါးမှာ ရေးခဲ့ပါသေးတယ်။ ဆရာ ရဲသျှမ်းကလည်း “ဒဂုန်တာရာဟာ စာပေသစ်ကို လမ်းဖောက်ပေးခဲ့သူ” လို့ တင်စားပါတယ်။ ဒဂုန်တာရာဟာ သူ့စာတွေထဲ အရောင်တွေကို ရေးဖွဲ့ရာမှာ အနုစိတ်ကျလှသူပါ။ အနီကိုတောင်မှ ဟင်္သာပြဒါး အနီလို့ ရေးတာကို တွေ့ရပါတယ်။ ဆရာရဲသျှမ်းကပဲ ဒဂုန်တာရာရဲ့ စာပေကျေးဇူး ဆောင်းပါးအတွင်း “အလှဗေဒ၊ ဝေါ့ဒစ္စနေးအပြာ၊ ပန်းနုရောင်၊ ရွှေအိုရောင် စကားလုံးတွေ ထွင်ခဲ့သူ၊ ဘ၀တလျှောက်လုံးမှာ အနုပညာ၊ ငြိမ်းချမ်းရေး ဆိုတဲ့ နှလုံးသွေးလှည့်ပတ်မှုနဲ့ အသက်ရှင်သူ ” လို့ ရေးခဲ့ပါတယ်။ ငြိမ်းချမ်းရေး နှလုံးသွေးနဲ့ ဘ၀မှာ အသက်ရှင်သန်သွားခဲ့သူ ဒဂုန်တာရာ၊ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တဲ့ ဒဂုန်တာရာ၊ ရန်သူမရှိ မိတ်ဆွေသာရှိလိုတဲ့ ဒဂုန်တာရာ၊ ငြိမ်းချမ်းရေးပဲ လုပ်ပါလို့ တဖွဖွ တိုက်တွန်းရှာခဲ့သူ ဒဂုန်တာရာ၊ မြန်မာ့ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေး လိုချင်သူ ဒဂုန်တာရာဟာ အခုဆိုရင် ကွယ်လွန်သွားခဲ့တာ ၃ နှစ်ကြာသွားခဲ့ပြီ။ ၁၀ မေ ၂၀၁၆ မှာ သူ့အသက် ၉၇ နှစ်ပြည့်။ နောက် ၃  နှစ်ကြာရင် ဒဂုန်တာရာ နှစ်တရာပြည့် ရောက်လာတော့မယ်။ ဒါပေမယ့် သူငယ်စဉ်ကတည်းက လိုလားခဲ့တဲ့ တန်းတူရေး၊ လွတ်လပ်ရေး၊ ပြည်တွင်းစစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးတွေ ရဖို့ကတော့ ကြိုးစား ရုန်းကန်နေရတုန်းပါ။ မောင်တူး
6 years Ago
Up