မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့က အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဝန်ထမ်း ၇ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
အစိုးရဘဏ်နဲ့ ထွေအုပ်ရုံးဟာ အနီရောင်ဖဲကြိုးလှုပ်ရှားမှုမှာ ပါဝင်လာကြပေမယ့် CDM မှာ မပါဝင်သေးတာကြောင့် ပြည်သူတွေက ရုံးတွေရှေ့မှာ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြခဲ့ကြပါတယ်။
CDM မှာ ပူးပေါင်းပါဝင်ပြီး ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန္ဒပြကြဖို့ ဝန်ထမ်းတွေကို ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
ဟန်နာထက်အောင်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ထွေအုပ်စာရေးကို မြို့နယ်အုပ်ချုပ်ရေးမှူက တာဝန်မှယာယီရပ်နားခဲ့ပြီးနောက် ထွေအုပ်ဝန်ထမ်း ၁၅ ဦး CDM မှာ ထပ်မံပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။
ညောင်လေးပင်မြို့နယ်၊ ကုန်းအင်းကျေးရွာအုပ်စုမှ ရပ်ကျေးစာရေး ကိုအောင်ကိုလတ်ဟာ ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၁ ရက်အထိ ရုံးလုပ်ငန်းတာဝန်တွေ မထမ်းဆောင်ဘဲ ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ CDM လှုပ်ရှားမှု စတင်လုပ်ဆောင်ခဲ့တာပါ။
ကိုအောင်ကိုလတ်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ရုံးပိတ်ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က တာဝန်မှယာယီရပ်နားကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ထွေအုပ်ဝန်ထမ်း ၁၅ ဦး ထပ်မံပူးပေါင်း ပါဝင်ခဲ့ကြတာပါ။
CDM မှာ ပါဝင်လာတာဟာ အလုပ်ကနေ နုက်ထွက်တာမဟုတ်ဘဲ အလုပ်မသွားဘဲ အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာလို့ ထွေအုပ်ဝန်ထမ်းတွေက ပြောပါတယ်၊
ကိုအောင်ကိုလတ်က “ကျနော် အလုပ်ကနေ ထွက်တာမဟုတ်ဘူး၊ ပြည်သူနဲ့အတူ CDM လုပ်ခဲ့တာပါ။ ကျန်တဲ့ ထွေအုပ်ဝန်ထမ်းတွေလည် ကျနော်နဲ့အတူ တိုက်ပွဲဝင်ကာ CDM လုပ်ကြဖို့ တိုက်တွန်းတယ်” လို့ ပြောပါတယ်။
ညောင်လေးပင်မြို့နယ် ပညာရေးဌာနက ဝန်ထမ်းတွေ၊ ဆရာဆရာမတွေအပါအဝင်၊ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ သစ်တော၊ ဆည်မြောင်းနဲ့ သစ်တောဝန်ထမ်းအချို့ CDM လုပ်ရှားမှုမှာ ပါဝင်လာနေကြတာပါ။
ညောင်လေးပင်မြို့နယ်မှာ စစ်အာဏာသိမ်းပြီနောက် လူထုလူတန်းစားပေါင်းစုံက စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း အင်အားသိန်းချီ နေ့စဥ်ဆန္ဒထုတ်ဖော်နေကြပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့တဲ့ တောင်တွင်းကြီးမြို့က ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှာ ယာယီရပ်ဆိုင်း ခံခဲ့ရပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေဟာ ဖဲကြိုးနီ၊ CDM လှုပ်ရှားမှုတွေမှာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ ဖော်ပြတာ၊ အကြောင်းအမျိုးမျိုးပြ လုပ်ငန်းခွင့်မလာဘဲ ပျက်ကွက်တာ၊ နိုင်ငံရေးလှုပ်ရှားမှုမှာ ဆက်နွှယ်ပါဝင် ပတ်သက်နေတာကြောင့် အခုလို တာဝန်က ယာယီရပ်ဆိုင်းလိုက်တာလို့ အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ မနေ့က အမိန့်စာမှာ ဖော်ပြထားပါတယ်။
အကြီးတန်းလက်နှိပ်စက်စာရေး ဦးစိုးပြည့်အောင်နဲ့ အငယ်တန်းစာရေး ဦးစိုးမင်းထွန်းတို့ကို နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၃၈၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၁၆၁(ဃ) နဲ့ ၁၆၃(ဖ) တို့အရ တာဝန်က ယာယီရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။