ပဲခူးတိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဇန်နဝါရီ ၂၀ ရက် ညမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား ၃ ယောက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁ က သိရပါတယ်။
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံနေတဲ့ ကြို့ပင်ကောက် မြို့နယ်ထွေအုပ်ရုံးကို မနေ့ ည ၁၀ နာရီလောက်မှာ အဝေးထိန်းမိုင်း အကြီးစားနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင်တပ်ရင်းရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက်မှာ စစ်ကောင်စီတပ်သား ၃ ယောက် အပြင်းထန် ဒဏ်ရာရရှိသွားပြီး ဆေးဝါးကူသမှု ခံယူနေရတယ်လို့ ဒီနေ့ မနက်ပိုင်းမှာ စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။
ဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်တွေနဲ့ ပစ်ခတ်ကာ မြို့ထဲတွေမှာ ပိတ်ဆို့ရှာဖွေခဲ့ပေမဲ့ ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံပေးတာ ကြောင့် ပထမအဆင့်အနေနဲ့ သတိပေးတာဖြစ်သလို နောက်နောက်မှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လူဦးရေစာရင်းတွေ ဆက်ကောက်ခံနေမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူ တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။
မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၁၁ နာရီလောက်က ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ ဘီးလင်းမြို့မရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲတပ်ကြပ်ကြီးတဦးနဲ့ ရဲမေတဦး ဒဏ်ရာရရှိခဲ့သလို စခန်းအဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့လို့ ဒေသခံက ပြောပါတယ်။
ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒရုန်းနဲ့ တိုက်ခိုက်မှုမှာတော့ ရုံးအဆောက်အဦတချို့သာ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရဲတပ်ဖွဲ့ဘက်က သေနတ် အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဘီးလင်းမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံး ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုဖြစ်စဉ် အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ ဒီဗွီဘီကို ပြောပါတယ်။
ဘီးလင်းမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသလို အဲဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိပါတယ်။