ထွက်ပြေးသူ

September 19, 2020

လောင်းလုံးမြို့နယ် quarantine စင်တာမှ ထွက်ပြေးသွားသူကို တာဝန်ရှိသူများ ရှာဖွေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ quarantine စင်တာက စက်တင်ဘာ ၁၇ ရက်နေ့က ထွက်ပြေးသွားသူကို ပြန်ရှာမတွေ့သေးဘဲ ဆက်လက်ရှာဖွေနေတယ်လို့ စခန်းတာဝန်ခံ ဦးသန့်လွင်က ပြောပါတယ်။ ထိုင်းနိုင်ငံမှပြန်လာတဲ့ အဲဒီအမျိုးသားဟာ အင်းဇောက်ကျေးရွာအုပ်စု ကုန်းဇရပ်ရွာသားဖြစ်ပြီး စက်တင်ဘာ ၇  ရက်နေ့က quarantine စဝင်တယ်လို့ ဆိုပါတယ်။  သူဟာ နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုရှိတာကြောင့် ရဲခေါ်ပြီး ထိန်းရတာတွေလည်းရှိတယ်လို့ စခန်းတာဝန်ခံဦးသန့်လွင်က ပြောပါတယ်။ “၁၀ ရက်လောက်ကြာမှ ဆေးစစ်ဖို့ နမူနာယူတယ်၊ နောက်နေ့မှာပဲ ထွက်ပြေးသွားတယ်၊ သူ့ညီလေး ဖုန်းဆက်ပြောမှ ထွက်ပြေးမှန်း သိရတယ်။ အဝတ်အိတ်တွေ ထားခဲ့တယ်၊ မနက်စာစားပြီး ၈ နာရီလောက်က ထွက်သွားတယ်လို့ သိရပါတယ်။ ဘယ်ကနေ ထွက်သွားမှန်း မသိဘူး၊ ဂိတ်လည်းရှိတယ်။ ဂိတ်‌ပေါက်ကနေ ထွက်လာတာလည်း မတွေ့ရဘူး။ အုတ်တံတိုင်းကျော်ပြီး ထွက်သွားတာ ဖြစ်မယ်။” ထွက်ပြေးသွားသူကို မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတွေက လိုက်ရှာနေပြီး တွေ့ရှိပါက စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်ကပြန်လာ‌သူတွေ သတင်းမပို့ဘဲ အိမ်မှာနေတဲ့သူတွေလည်း ရှိသလို quarantine ဝင်ဖို့ပြောဆိုရာမှာ လက်မခံချင်ဘဲ Home quarantine ပဲ ဝင်မယ်လို့ ပြန်လည်ပြောဆိုတာတွေရှိတာကြောင့် စည်းကမ်းထိန်းသိမ်းရေးပိုင်းမှာ အဓိက အခက်အခဲရှိတယ်လို့ ဦးသန့်လွင်က ပြောပါတယ်။ “အရက်ခိုးသောက်တာတို့ အရက်လာပို့တာတို့ ရှိတယ်။ တခါတလေ ပစ္စည်းတွေလာပို့ရင် အစ်ကိုတို့ စစ်ဖို့က အဆင်မပြေဘူး။ ကိုယ့်လက် ကိုယ့်ခြေနဲ့ သွားယူဖွင့်ကြည့်လို့မရဘူးလေ။ ထိန်းရကျောင်းရတာ အခက်အခဲရှိတာပေါ့နော်။” လောင်းလုံးမြို့နယ် မိုးကုတ်ရိပ်သာ quarantine စခန်းမှာ ၄၁ ဦးရှိပြီး ဒီနေ့အထိ positive အဖြေထွက်သူ မရှိသေးဘူးလို့ သိရပါတယ်။ ကောင်းထက်အောင်
1 year Ago

April 3, 2020

လေးမျက်နှာမြို့နယ် Quarantine Center မှ ထွက်ပြေးသူကို ထောင်ဒဏ် ၃ လ ချမှတ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် လှော်ကထား Quarantine Center ကနေ ထွက်ပြေးသူတဦးကို ကူးစက်ရောဂါများကာကွယ်နှိမ်းနင်းရေးဥပဒေပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ဒီဗွီဘီကို ပြောပါတယ်။ “သူက တရုတ်နိုင်ငံက ပြန်လာတာပါ။ သူ နေတာက ကွင်းကြီးအုပ်စု၊ ဆီးဖြူကွင်းကျေးရွာမှာ နေတာ။ သူက Quarantine Center  ကနေ မနေ့ညက ထွက်ပြေးတယ်။ သူ့ကို ပြန်ပြီး Quarantine နေဖို့ တာဝန်ရှိသူတွေ ပြောတာကို ကလန်ကဆန်လုပ်နေတဲ့အတွက် သူ ရှိမယ့်နေရာ သွားပြီး ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိတဲ့သူတွေ သွားရောက်ဖမ်းဆီးပြီး တရားစွဲခဲ့တာပါ။” တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ ဆီးဖြူကွင်းကျေးရွာနေ ဦးဇော်လွင်ဟာ လှော်ကထား Quarantine Center ကနေ ဧပြီ ၁ ရက်နေ့က ထွက်ပြေးခဲ့တာကြောင့် သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးခဲ့တာပါ။  သူ့ကို ဧပြီ ၂ ရက်နေ့မှာ လေးမျက်နှာမြို့နယ်တရားရုံးက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ အမိန့်ချမှတ်ခဲ့ပြီး ဟင်္သာတ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာသူတွေကို ၁၄ ရက် အသွားအလာကန့်သတ်ပြီး သတ်မှတ်နေရာမှာ ထားရှိပေမယ့် လိုက်နာဆောင်ရွက်မှု အားနည်းတာကြောင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်းနင်းရေးဥပဒေ၊ ဘေးန္တရာယ်စီမံခန့်ခွဲမှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရက မတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဧပြီ ၁ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးမှာ Hospital Quarantine လုပ်ထားတဲ့ လူနာ ၁၀ ဦး ရှိတယ်လို့ သိရပါတယ်။  Facility Quarantine Center ၃၁၇ နေရာ ဖွင့်လှစ်ထားပြီး လူဦးရေ ၂၂၃၅ ဦး စောင့်ရှောက်ပေးထားပြီး Home Quarantine က လူဦးရေ ၂၂၀၆ ဦးရှိတယ်လို့ သိရပါတယ်။ ဧပြီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ ပေါင်း ၂၀ ဦးရှိသွားပြီဖြစ်ပြီး ကင်ဆာရောဂါအခံရှိတဲ့ လူနာ အမျိုးသားတဦးကတော့ သေဆုံးသွားပါတယ်။
2 years Ago
Up