ထွက်ပြေးလွတ်မြောက်

January 1, 2021

ဖြူးမြို့ရဲစခန်းက အချုပ်ကျ တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက် 

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မရဲတပ်ဖွဲစခန်းမှာ ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းက အချုပ်ကျ တရားခံ ၂ ဦး အချုပ်ဖောက်ထွက်ပြေးသွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ အဆိုပါတရားခံ ၂ ဦးမှာ ခိုးမှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး အခုလက်ရှိအချိန်အထိ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနဲ့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စိစစ်ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်ငြိမ်းက ဒီဗွီဘီကိုပြောပါတယ်။ "ဟုတ်ပါတယ်။ ခိုးမှုတရားခံတွေပါ။ လက်ရှိမှာတော့ စိစစ်ဆဲပါ။ ဖောက်ထွက်တာ ဟုတ်မဟုတ်ကို ပြန်စိစစ်နေပါတယ်"။ အရင်ရက်ပိုင်းက ဖြူးမြို့မရဲတပ်ဖွဲစခန်းမှာ ချုပ်နှောင်ထားတဲ့အချုပ်သားတွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာမှာ အချုပ်သားတချို့မှာ ရောဂါပိုးတွေရှိခဲ့တာကြောင့် ရောဂါပိုး မတွေ့ရှိတဲ့ အချုပ်သားတချို့ကို စခန်းဓမ္မာရုံမှာ သီးခြားခွဲ ချုပ်နှောင်ထားတာပါ။  အခုထွက်ပြေးသွားသူ အချုပ်သားနှစ်ဦးဟာ အဆိုပါဓမ္မာရုံမှာ ထားရှိထားသူတွေဖြစ်ပြီး ဓမ္မာရုံအိမ်သာခန်းရှေ့မှာရှိတဲ့ ပျဉ်ပြားတချို့ကိုခွာပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
4 months Ago

July 9, 2020

ထိုင်းနိုင်ငံက ပြန်လာသူ ၂ ဦး လွိုင်လင် quarantine စင်တာမှ ထွက်ပြေးလွတ်မြောက်နေ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် ကွန်ပျူတာတက္ကသိုလ်မှာ ဇူလိုင် ၅ ရက်ကစပြီး quarantine ဝင်နေတဲ့ ထိုင်းနိုင်ငံမှပြန်လာသူ နှစ်ဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။ quarantine center မှာ စေတနာ့ဝန်ထမ်း ပြုလုပ်သူ ဦးအောင်စိုးမိုးက “တာဝန်ရှိသူတွေက ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်သိအောင် မလုပ်ဘူး။ တစ်ခေါက် negative ဖြစ်ပြီးသား မို့ဆိုတဲ့ပုံစံနဲ့ ပေါ့လျော့နေတာ။ မဖြစ်သေးလို့ပေါ့၊ ဖြစ်များဖြစ်ရင် ဘယ်လို လုပ်မလဲ အကုန်ရှုပ်ကုန်မယ့်ကိစ္စ။ ၅ ရက် ၆ ရက်ကတည်းကထွက်ပြေးသွားတာ ကျနော်တို့တောင် မနေ့ ၈ ရက်နေ့မှ သိရတာ”လို့ ပြောပါတယ်။ ထွက်ပြေးသူမှာ လွိုင်လင်မြို့နယ် ကောင်းရောင်းရွာနေ မောင်လွန်းနဲ့ ဝမ်အင်ရွာနေ ခွန်အောင်ထိန်တို့ဖြစ်ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံကနေ မြဝတီမှ တဆင့် ရှမ်းပြည်နယ် တောင်ကြီး မြို့ quarantine ၉ ရက်နေပြီး ပထမအကြိမ် ဓာတ်ခွဲနမူနာ negative ထွက်ရှိထားပြီး သက်ဆိုင်ရာ နေရပ်ဒေသကို quarantine ၁၄ ရက်ပြန်နေရမှာဖြစ်ပါတယ်။ မောင်လွန်းမှာ လွိုင်လင် quarantine မှာ ၁ ရက်သာနေပြီး ဇူလိုင် ၆ ရက်က ထွက်ပြေးသွားသလို ခွန်မောင်ထိန်ကလည်း ၂ ရက်သာ quarantine ဝင်ပြီး ဇူလိုင် ၇ ရက်က ထွက်ပြေးသွားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့ထံဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိတဦး က “ဒီကိစ္စ ကျနော်တို့ဆီမှာ သတင်းမတက်သေးဘူး”လို့ ပြန်လည်ဖြေကြားခဲ့ ပါတယ်။ လွိုင်လင်မြို့နယ် ကွန်ပျူတာ တက္ကသိုလ် quarantine center မှာ quarantine ဝင် ထိုင်းနိုင်ငံ ပြန်လာသူ ၄ ဦးသာ ကျန်ရှိကြောင်းသိရပါတယ်။ ခွန်ရာဇာ
10 months Ago
Up