ထွက်ပြေးတိမ်းရှောင်

A d v e r t i s e m e n t With Us

October 15, 2020

ကျောက်မဲမြို့နယ်၌ တပ်မတော်စစ်ကြောင်းဝင်လာသဖြင့် ရွာသား ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်သျှင်အုပ်စုရှိ ကျေးရွာ ၄ ရွာက ရွာသား ၄၀၀ ကျော်ဟာ တပ်မတော်စစ်ကြောင်းတွေရွာထဲ ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်မှာ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးလာကြတယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။ ရွာသားတွေဟာ အောက်တိုဘာ ၁၃ ရက်  ည ၉ နာရီလောက်က  နောင်သျှင်ဘုန်းကြီး‌ကျောင်းကို ခိုလှုံဖို့ ရောက်လာကြပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး  ၁၀ ဦးနဲ့ ကလေးငယ်တွေလည်းပါလာကြတယ်လို့ ဆိုပါတယ်။ နားဖိန်ရွာက အိမ်ထောင်စု ၂၇ စု၊ နားချမ်ရွာက အိမ်ထောင်စု ၈၀ စု၊ နားအော်ရွာက အိမ်ထောင်စု ၄၀ စု၊ ဆမ်ပူးရွာက အိမ်ထောင်စု ၂ စု နဲ့ စုစုပေါင်း လူဦး ရေ ၄၀၀ ကျော် ထွက်ပြေးလာကြတယ်လို့ စစ်‌ရှောင်တွေကို ကူညီပေးနေတဲ့ မနှင်းနုနုလွင်က ပြောပါတယ်။ ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်လောက်ကစပြီး တပ်မတော်နဲ့  ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ  RCSS-SSA တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကြောင့် ပုံဝိုး၊ နားအော်၊ နမ့်မဟင်၊ ခန့်ခဲ၊ ကုန်းဟတ်၊ နားချိမ်၊ လုံဝယ်၊ ကုန်းစုံ၊ နောင်ဆိမ်၊ နားအော်၊ မန်ထမ်စတဲ့ ကျေးရွာက ရွာသားတွေ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ သွားရောက် ထွက်ပြေးခိုလှုံနေကြ ရတာပါ။  လတ်တလော ကျောက်မဲဒေသမှာ  တိုက်ပွဲရှောင်ရွာသားပေါင်း  ၃၅၀၀ ကျော်ရှိနေပြီး စားနပ်ရိက္ခာနဲ့တခြား အကူအညီတွေလိုအပ်နေလို့ ရှမ်းပြည်နယ်အစိုးရအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လိုအပ်တဲ့အကူအညီတွေ အမြန်ဆုံး ထောက်ပံ့ကူညီပေးဖို့ လွှတ်တော်အမတ်တွေက တောင်းဆိုထားပါ။   ဒီနေ့မှာတော့ ပစ်ခတ်မှုတွေ ရပ်တန့်နေပြီး  ခုလိုဆက်တိုက် အပစ်အခတ် ရပ်စဲထားကြရင် ကွမ်ဟိန်နဲ့ နားဆောင်း ကျေးရွာ နှစ်ရွာက ထွက်ပြေးလာတဲ့  စစ်ဘေးရှောင် ရွာသားတွေ နေရပ်ပြန်ဖို့ရှိတယ်လို့  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောပါတယ်။ အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့ နေရာကလွဲပြီး မြန်မာနိုင်ငံတဝန်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ တပ်မတော်က ကြေညာထားချိန်မှာ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားတဲ့  RCSS- SSA ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာလည်း  ဖြစ်ပါတယ်။ 
4 months Ago

December 28, 2019

အမ်းနှင့်မြေပုံမြို့နယ်ကြားတွင် တိုက်ပွဲပြင်းထန်၊ ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင်

ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်ကြားမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး မဲလက်မောင်းကျေးရွာအနီး လက်နက်ကြီးတွေ ကျရောက်တဲ့အတွက် ဒေသခံရာချီ အမ်းမြို့ကို ထွက်ပြေး တိမ်းရှောင်လာကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အမ်းမြို့ပေါ်ကို စစ်ဘေးခိုလှုံလာတဲ့ မဲလက်မောင်းကျေးရွာနဲ့ အနီးအနားရွာတွေက ဒေသခံတွေအတွက် မြို့မအားကစားကွင်းမှာ နေရာထိုင်ခင်းတွေ စီစဉ်ပေးထားပြီး အစားအသောက်တွေကိုတော့ အမ်းမြို့ခံတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးနေကြတယ်လို့ အမ်းမြို့ခံ ကိုနတ်ဆိုးက ပြောပါတယ်။ “မနေ့က ပထမဆုံးရောက်လာတာကတော့ အိမ်ထောင်စု ၁၇ စု၊ လူဦးရေကတော့ ၆၅ ယောက်ပေါ့၊ အကြီးပိုင်းကတော့ တယောက် နှစ်ယောက်လောက်ပဲ ပါတယ်၊ ကျန်တာတွေကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေ ပိုများတယ်။ နောက်ထပ်လည်း ရောက်လာမယ်လို့တော့ သိရတယ်။ ကျနော်တို့ကတော့ သူတို့ စားဝတ်နေရေး အဆင်ပြေဖို့အတွက် မြို့ပေါ်မှာရှိတဲ့ လူတွေရယ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေကို အကူအညီတောင်းထားပါတယ်။” ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်ကြားမှာ အခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေကာ တပ်မတော်က ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်နေသလို တိုက်ပွဲဖြစ်ပွားရာ နေရာအနီး ကျေးရွာတွေကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာကြတာပါ။ သတင်း - နောင်နောင်၊ ဓာတ်ပုံ - မျိုးလွင်
1 year Ago
Up