ထွက်ခွာချင်

February 19, 2020

ပေါ့ဘာ မန်ယူနိုက်တက်ကနေ ထွက်ခွာချင်ရသည့် အကြောင်းရင်း အစ်ကိုဖြစ်သူ ထုတ်ဖော်ပြော

ချန်ပီယံလိဂ် ကစားချင်တာနဲ့ ဆုဖလားတွေကို ဆွတ်ခူးချင်တာကြောင့် ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာလိုနေတယ်လို့ သူ့အစ်ကိုဖြစ်သူက ပြောပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘောက်ဆင်ဒေးနေ့က စပြီးတော့ ယူနိုက်တက်အသင်းအတွက် ပွဲထွက်ခွင့်မရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာတာ့မယ်လို့လည်း သတင်းကြီးနေသူပါ။  အသက် ၂၆ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ယူနိုက်တက် ပရိသတ်တွေရဲ့ မျက်မုန်းကျိူးမှုနဲ့ ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ သတင်းတွေမှာ ဖော်ပြချက်အရ ပေါ့ဘာဟာ ဒီရာသီကုန်ဆုံးချိန်မှာ စပိန်၊ ဒါမှမဟုတ် အီတလီမြေကို ပြောင်းရွှေ့လိုတယ်လို့ သိရပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကစားဖို့နဲ့ ဆုဖလားတွေကို ဆွတ်ခူးချင်လို့ ဒီလို ပြောင်းရွှေ့ချင်တာလို့ သူ့အစ်ကိုဖြစ်သူ မားသီးယပ်စ်က ထုတ်ဖော် ပြောဆိုလိုက်တာပါ။ “‌ပေါလ်က ဘာကြောင့် ယူနိုက်တက်က ထွက်ခွာချင်နေရသလဲဆိုတာ အားလုံးက သိရှိပြီးသားပါ။ သူက ချန်ပီယံလိဂ်မှာ ကစားပြီး ဆုဖလားတွေကို ဆွတ်ခူးချင်နေပါတယ်။ သူ ယူနိုက်တက်မှာ ဆက်ရှိနေရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒါကြောင့် လာမယ့်ရာသီမှာ ဘာတွေဆက်ဖြစ်မလဲ၊ ကျနော်တို့ စောင့်ကြည့်ကြတာပေါ့” လို့ မားသီးယပ်စ်ပေါ့ဘာက El Chiringuito သတင်းကို ပြောခဲ့ပါတယ်။ ဒီလိုမျိုး ပေါ့ဘာရဲ့အနာဂတ်ဟာ မတည်မငြိမ်ဖြစ်နေချိန်မှာ တနင်္လာနေ့မှာလည်း ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားတို့ဟာ အပြန်အလှန်စ စကားစစ်ထိုးမှု ဖြစ်ပွားခဲ့ပါသေးတယ်။  ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာကို သူပိုင်တဲ့ အကျဉ်းသားတယောက်လို သဘောမထားဖို့ နဲံ “ပေါလ်ကို ကျနော် ပိုင်တာ မဟုတ်သလို၊ ဆိုးလ်ရှား ပိုင်တာလည်း မဟုတ်ပါဘူး။ ပေါလ်ပေါ့ဘာဟာ ပေါလ်ပေါ့ဘာပါပဲ” လို့ ရွိုင်အိုလာက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။  ရွိုင်အိုလာရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ကျနော် သူ ပြောခဲ့တာတွေကို လူမှုကွန်ရက်ပေါ်ကနေ ပြန်တုံ့ပြန်စရာမလိုပါဘူး။ ဒါပေမဲ့ သူ့ကို ပြောချင်တဲ့ စကားတွေကိုတော့ ကျနော့်ကိုယ်ကျနော် ပြန်ပြောမိပါတယ်” လို့ ပြောပါတယ်။  ကမ္ဘာ့အဆင့် ကွင်းလယ်လူတဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ့ဘာကို အသင်းဟောင်း ဂျူဗင်တပ်စ်အပြင် စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ‌ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
1 year Ago
Up