ထွန်းဇော်ဌေး

March 4, 2019

လူထုစိတ်ဝင်စားမှုနည်းတဲ့ စည်ပင်ရွေးကောက်ပွဲ

“အဘတို့ငယ်ငယ် ဖဆပလခေတ် စည်ပင်ရွေးကောက်ပွဲက ပျော်စရာကြီးကွ။ ရွေးကောက်ပွဲမတိုင်မီ လေးငါးခြောက်လလောက်ကတည်းက သူ့လူကိုယ့်လူ အနိုင်ရရေးအတွက် ပြင်ဆင်ကြရတာ။ ဟိုတုန်းကတော့ မြူလူကြီးရွေးကောက်ပွဲလို့ ခေါ်တာ။ အခုခေတ်လို ရွေးကောက်ပွဲနားနီးမှ စိတ်ကူးပေါက်လို့ ဝင်အရွေးခံတာမျိုး မဟုတ်ဘူးကွ။ မြူရွေးကောက်ပွဲ ဝင်ချင်တဲ့သူက တနှစ်ပတ်လုံး သူယှဉ်ပြိုင်မယ့်နယ်မြေအတွက် အစစပြင်ဆင်ပြီး လိုအပ်ချက်တွေ ကြည့်ထားရတာကလား။ ရပ်ကွက်လူထုနဲ့လည်း မကင်းကွာအောင် နေကြရတာ။ ရပ်ရေးရွာရေး ကိစ္စတွေမှာလည်း ဝင်ရောက်လုပ်ဆောင်ပေးပြီး မျက်နှာနာအောင် လူထုနဲ့ စဉ်ဆက်မပြတ် ထိတွေ့နေခဲ့ကြတာ။ အခုခေတ်လို မဲရွေးကာနီးမှ ရောက်လာလို့ကတော့ သံပုံးတီး နှင်ထုတ်လိုက်ပြီသာမှတ်။” သက်ကြီးစကား သက်ငယ်ကြား။ အရပ်ထဲက ၉၀ ကျော်အဘပြောပြတဲ့ မြူရွေးကောက်ပွဲပါ။ အခုခေတ်မှာတော့ မတ်လ ၃၁ ရက်နေ့ စည်ပင်သာယာရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမယ့် လူထုကတော့ စိတ်ဝင်စားဟန် မပြကြပါဘူး။ အပိုအလုပ်တခုလို့ပဲ မြင်နေသလား၊ အလုပ်ရှုပ်တယ်လို့ပဲ ယူဆလေသလား မပြောတတ်။ ဘာကြောင့်များလဲလို့ စောဒနာကြည့်မိတယ်။ မြန်မာတို့ရဲ့ မြူနီစီပယ်သမိုင်းကို ပြန်ကြည့်ရင် ၁၈၇၄ အက်ဥပဒေအမှတ် ၇ အရ မြူနီစီပယ်အဖွဲ့ကို စတင်တည်ထောင်ခဲ့တာ။ ကော်မရှင်မင်းကြီး “ချိဗ်” လက်ထက် ၁၈၈၂ ရောက်မှ မြူနီစီပယ်အဖွဲ့ဝင်တွေကို မဲနဲ့ရွေးချယ်ခြင်း အစပြုခဲ့တာ။ မြို့အုပ်ချုပ်ရေးကိုတော့ မြို့ဝန်ကြီးလို့ခေါ်တဲ့ Town Magistrate က အုပ်ချုပ်တယ်။ မြူက သူ့လက်အောက်ခံပေါ့။ ၁၈၈၂ ရောက်မှ မြူအဖွဲ့က လွှဲပြောင်းယူလိုက်တာ။ ပထမအကြိမ် မြူရွေးကောက်ပွဲ ၁၈၈၂ မှာ လူထုမဲနဲ့ ရွေးချယ်တင်မြှောက်သူက ၁၈ ဦး၊ အစိုးရခန့် ၆ ဦးပဲရှိတယ်။ ဒီအချိန်ထိ မြူနီစီပယ် အက်ဥပဒေ မပေါ်သေးဘူး။ ၁၈၉၈ မှာ မြူအက်ဥပဒေကို အတည်ပြုခဲ့တယ်။ တကယ်အသုံးပြုတဲ့ မြူအက်ဥပဒေက ၁၉၂၂ ခုနှစ်ထဲရောက်မှ မြူအက်ဥပဒေဆိုတာ ပေါ်လာတာ။ ဥပဒေ မပေါ်ခင်ကတည်းက နှစ်စဉ် မြူရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး မြူနီစီပယ်မင်းကြီးအဖြစ် ဦးထွန်းအုံ ဖြစ်ခဲ့တယ်။ နှစ်စဉ် မြူရွေးကောက်ပွဲဟာ လူထုစိတ်အဝင်စားဆုံးနဲ့ ပြိုင်ဆိုင်မှု အားကြီးခဲ့တာ။ မြူနီစီပယ်လူကြီးအဖြစ် ရွေးကောက်ပွဲဝင်မယ့်သူတွေဟာ အနည်းဆုံး လူရိုသေရှင်ရိုသေ၊ ရပ်ကွက်မြို့နယ်တွေမှာ သြဇာရှိသူတွေ ဖြစ်ကြတယ်။ ရပ်ရေးရွာရေး လူမှုရေးကိစ္စ အားသန်သူတွေ ဖြစ်တယ်။ အဲဒီလို တချိန်က စိတ်အားတက်ကြွသူတွေဟာ အခု ဘာကြောင့် စိတ်မဝင်စားကြတော့တာလဲဆိုတာ ဝေဖန်ပိုင်းခြားကြည့်သင့်တယ်။ ဒါမှသာ အဖြေတခု ထုတ်နိုင်မှာပါ။ မြူနီစီပယ် ရွေးကောက်ပွဲအပေါ် လူထုစိတ်မဝင်စားစေတဲ့ အချက်ပေါင်းများစွာ ရှိတယ်။ သမိုင်းကြောင်းအရကြည့်ရင် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြူနီစီပယ် ရွေးကောက်ပွဲတွေ မရှိတော့ဘဲ စစ်တပ်ခန့် ကိုယ်စားလှယ်တွေပဲ နေရာယူလာခဲ့တယ်။ မြူနီစီပယ် အဖြစ်ကနေ စည်ပင်သာယာအဖြစ် ပြောင်းလိုက်တယ်။ အဲဒီအချိန်ကစပြီး ရွေးကောက်ပွဲ ယဉ်ကျေးမှုလည်း ပျက်စီးသွားခဲ့တော့တာပဲ။ စည်ပင်သာယာမှာ လူကိုယ်စားလှယ်ဆိုတာလည်း ဆိတ်သုဉ်းသွားခဲ့တယ်။ လူထုတင်မြှောက်တဲ့ စည်ပင်ကိုယ်စားလှယ်မရှိဘဲ မဆလခေတ်ကလို အစိုးရခန့် ကိုယ်စားလှယ်နဲ့ မြို့တော်ဝန်သာ ထားရှိခဲ့တာ။ ဒီအချက်ဟာလည်း စည်ပင်ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု လျော့နည်းသွားစေခြင်းရဲ့ အချက်တချက်ဖြစ်မယ် ထင်ပါတယ်။ ဒီလိုနဲ့ စည်ပင်သာယာမှာ လူထုကိုယ်စားလှယ် ပျောက်ဆုံးခဲ့တာ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပါတယ်။ နှောင်းလူငယ်တွေရဲ့ အသိမှာနဲ့ အတွေ့အကြုံမှာ စည်ပင်လူကြီးရွေးကောက်ပွဲ ဆိုတာ ကြားဖူးဟန်ပင် မရှိတော့ပါဘူး။ မကြာမီနှစ်တွေက လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပွဲတွေ မြန်မာနိုင်ငံမှာ ပြန်လည်ပေါ်ထွန်းလာခြင်းနဲ့အတူ စည်ပင်သာယာ ရွေးကောက်ပွဲလည်း ပြန်လည်စတင်လာခဲ့ပါတယ်။ ပထမဆုံး စည်ပင်ရွေးကောက်ပွဲကိုတော့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲနဲ့အတူ စည်ပင်သာယာမှာ လူထုကိုယ်စားလှယ် ၅ ဦးနဲ့ အစိုးရခန့် ၄ ဦး ကော်မတီဝင် ဖြစ်လာခဲ့တယ်။ အဲဒီနောက်တော့ စည်ပင်ကော်မတီဝင် ၉ ဦးစလုံးကို ၂၀၁၆ မေလ ၁၈ ရက်နေ့မှာ ဖျက်သိမ်းခဲ့တယ်။ ဖျက်သိမ်းပြီးတဲ့နောက် စည်ပင်သာယာဥပဒေ ပြင်ဆင်ရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲမကျင်းပဘဲ အစိုးရခန့် စည်ပင်ကော်မတီများနဲ့ပဲ ခရီးဆက်နေခဲ့ခြင်းဟာလည်း စည်ပင်ရွေးကောက်ပွဲအပေါ်မှာ လူထု စိတ်ဝင်စားမှုမရှိခြင်း အချက်တချက် ဖြစ်စေခဲ့ပါတယ်။ ဖျက်သိမ်းပြီး သုံးနှစ်နီးပါးကြာမှ ၂၀၁၉ မတ်လ ၃၁ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် စည်ပင်သာယာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကြေညာခဲ့တယ်။ စည်ပင်သာယာဥပဒေသစ်အရ မြို့တော်စည်ပင်ကော်မတီဝင် ၁၁ ဦးရှိရာမှာ အစိုးရက ၅ ဦးခန့်ထားပြီး သားဖြစ်လို့  ကျန်တဲ့ ကိုယ်စားလှယ် ၆ ဦးကို လူထုရဲ့မဲနဲ့ ရွေးကောက် တင်မြှောက်ကြရမှာပါ။ ဒီ ၆ ဦးထဲကမှ တဦးကို ဒုတိယမြို့တော်ဝန် အဖြစ် ကော်မတီဝင် ၁၁ ဦးက လျှို့ဝှက်မဲစနစ်နဲ့ ပြန်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းထဲရှိ မြို့နယ်ပေါင်း ၃၃ ခုရဲ့ မြို့နယ်အဆင့် စည်ပင်ကော်မတီ အသီသီးအတွက်လည်း ဥက္ကဋ္ဌ ၁ဦးနဲ့ အဖွဲ့ဝင် ၂ ဦးကျစီနဲ့ တမြို့နယ်ကို ၃ ဦး စုစုပေါင်း  ၉၉ ဦးကို လည်း လူထုဆန္ဒနဲ့ မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က ထုတ်ပြန်ထားတဲ့အပြင် မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ စတင်နေပြီဖြစ်ပေမယ့် အခုထိတော့ မဲဆန္ဒရှင်လူထု အနေနဲ့လည်း မဲပေးဖို့ သွေးအေးနေဆဲ ဖြစ်နေတာကို မြင်တွေ့နေရပါတယ်။ နောက်အစိုးရသက်တမ်း ကာလတွေမှာလည်း အခုလိုပဲ ရွေးကောက်ပွဲ အရှိန်အဟုန် ဆက်လက်စီးမျောနိုင်ပါ့မလားဆိုတဲ့ သံသယကလည်း ရှိနေကြောင်းပါခင်ဗျာ။ ထွန်းဇော်ဌေး
3 years Ago

November 20, 2018

လူတိုင်း သတင်းထောက်ဖြစ်တော့မလား

“ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဆက်သွယ်ရေးနည်းပညာဟာ အားလုံးရဲ့ရှေ့တန်း ရောက်လာလိမ့်မယ်” လို့ ဘာထရန်ရပ်ဆယ်က အစောဆုံး ဟောကိန်းထုတ်ခဲ့ဖူးတယ်။ ဒါကိုဖတ်မိစဉ်က ကျနော်တို့အားလုံး အမှောင်ခေတ်ထဲမှာ။ မဆလခေတ် သတင်းစာတွေကလွဲပြီး သတင်းစာမရှိခဲ့ဘူး။ သတင်းအမှောင်ခေတ်ထဲမှာ ကြီးပြင်းခဲ့ရတာ။ အဲ့ခေတ်က တိုင်းမ်စ်တို့ နယူးစ်ဝိခ်တို့ဆိုတာ ဂေဇက်တက် အရာရှိတွေပဲ ဖတ်ရတာ။ နယ်တွေမှာတော့ သတင်းစာပညာဆိုတာ ဘာမှန်းမသိခဲ့ကြပါဘူး။ ဆက်သွယ်ရေးဟာ ရှေ့တန်းရောက်လိမ့်မယ် ဆိုတော့၊ ကြေးနန်းနဲ့စာတိုက်၊ တယ်လီဖုန်းလောက်ပဲ သိတာကိုး။ ၁၉၈၀ လွန်နှစ်လောက်မှာ တယ်လီဗွီးရှင်းတွေ ပေါ်လာတော့ ဆက်သွယ်ရေးပစ္စည်းလို့တောင် မထင်မိပါဘူး။ အချို့ကတော့ ဇိမ်ခံပစ္စည်းတမျိုးလို့တောင် ပြောကြသေးရဲ့။ သိပ္ပံနည်းပညာ တိုးတက်လာတာနဲ့အမျှ ဆက်သွယ်ရေးနည်းပညာတွေလည်း တပြေးညီ တိုးတက်လာခဲ့တယ်။ အီလက်ထရောနစ် နည်းပညာတွေကလည်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာခဲ့ပြန်တယ်။ အီလက်ထရောနစ် နည်းပညာတွေက သတင်းနည်းပညာနေရာ ဝင်ယူလာခဲ့တယ်။ တနွယ်ငင် တစင်ပါဆိုသလို သတင်းတင်ဆက်ပုံတွေလည်း ပြောင်းလဲလာတော့တာပါပဲ။ ဒါကြောင့် မြန်မာသတင်းစာလောက ပေါ်လာပုံကို ပြန်လေ့လာကြည့်မိတယ်။ မြန်မာသတင်းစာလောက ပေါ်လာတာ နှစ်ပေါင်း ၁၅၀ ဝန်းကျင်ပဲ ရှိပါဦးမယ်။ လူထုဦးလှ အဆိုအရဆိုရင် “ကျနော်တို့တိုင်းပြည်မှာ မြန်မာသတင်းစာရယ်လို့ ပီပီသသ ဟန်ကျပန်ကျ ပေါ်လာတာ မြန်မာသံတော်ဆင့် သတင်းစာထုတ်တဲ့ ၁၈၇၁ ခုနှစ်ကမှလို့ ကျနော်ယူဆပါတယ်။ ဒီအထက် ၃၅ နှစ်လောက်အတွင်းမှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာတချို့ ရှိပါတယ်။ မြန်မာဘာသာနဲ့ ထုတ်တာလည်း နည်းနည်းပါးပါး ရှိပါတယ်။ ဒါပေမယ့် သံတော်ဆင့်သတင်းစာ၊ မြန်မာသတင်းစာ၊ လောကီသုတပညာ သတင်းစာ၊ ရတနာပုံ နေပြည်တော်သတင်းစာ စတဲ့ သတင်းစာတွေ ထွက်လာမှပဲ ပြောလောက်ဆိုလောက် မြန်မာသတင်းစာတွေ ရှိလာတာလို့ ဆိုပါတယ်။” လို့ ဆိုပါတယ်။ ဒါတောင်မှ “သတင်းထောက်” ဆိုတာ မရှိသေးဘူးလို့ ဆိုပါတယ်။ သတင်းစာဆရာကြီး အမ်ဘိုးချိန်ကတော့ “သတင်းထောက်အလုပ်ဆိုတာ ကျနော် ၁၉၃၀ မှာ သတင်းစာထဲရောက်မှ ရှိတယ်ပြောပါတော့။ မဏ္ဍပ်တိုင်တက်တာတော့ မဟုတ်ဘူး။ ၁၉၃၀ ကျတော့မှပဲ သူရိယမှာ (Reporter) သတင်းထောက်ထားတာ။” လို့ ပြောဖူးတယ်။ အရင်က အစည်းအဝေး သတင်းလောက်ပဲ လိုက်ကြတာကိုး။ ၁၉၃၀ နောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ လူတွေက သတင်းကို ဖတ်လာကြတာကိုး။ ဒီတော့မှ နယ်တွေမှာပါ သတင်းထောက်တွေ ထားလာကြတာ။ အဲ့ဒီအချိန်ထိလည်း သတင်းထောက်လို့ ခေါ်ဆိုတာ မရှိသေးဘူးလို့ သိရတယ်။ ဒီတော့လည်း ဘာသာဗေဒအရ “သတင်းထောက်” ဆိုတဲ့ ဝေါဟာရအကြောင်း စပ်စုမိပြန်ရော။ ၁၉၃၀ လောက်အထိက ဝေါဟာရ မတည်ငြိမ်သေးဘူး။ ၁၉၂၂ ခုနှစ် သူရိယသတင်းစာမှာတော့ “ရီပွတ်တာ” လို့ အသံဖလှယ်ထားကြောင်း ဆရာကြီး ရွှေဥဒေါင်းက ပြောဖူးတယ်။ ၁၉၂၃ နိုဝင်ဘာလထုတ် သူရိယသတင်းစာမှာတော့ “ရီပွတ်တာခေါ် သတင်းစာကိုယ်စားလှယ်များ” ဆိုတဲ့ အသုံး တွေ့ရပြန်ပါတယ်။ ၁၉၂၅ ခုနှစ်ထဲ ရောက်တော့ သူရိယသတင်းစာမှာပဲ “သတင်းစာသတင်းကောက်ယူသူများ” ဆိုတဲ့ အသုံးကို တွေ့ရပြန်ပါတယ်။ ၁၉၃၀ မြန်မာ့အလင်းသတင်းစာမှာလည်း သတင်းထောက်ကို “သတင်းကောက်ယူသူ” လို့ သုံးခဲ့တာကို တွေ့ရတယ်။ ဒါကြောင့် ၁၉၃၀ အထိ သတင်းထောက်ဆိုတဲ့ အသုံး မတွေ့ရသေးဘူးလို့ သတင်းစာပညာရှင်တွေက ဆိုခဲ့ကြပါတယ်။ ၁၉၃၁/၃၂ အထိလည်း “သတင်းကောက်” ဆိုတဲ့ ဝေါဟာရကို သုံးလာခဲ့တာပါ။ ၉-၂-၃၂ နေ့ထုတ် မြန်မာ့အလင်း သတင်းစာရဲ့ သတင်းအောက်မှာတော့ “မြန်မာ့အလင်း အထူးသတင်းကောက်” လို့ ရေးထားပါသေးတယ်။ ဒါပေမယ့် ၁၂.၆.၃၂ နေ့ မြန်မာ့အလင်းမှာ “မြန်မာ့အလင်း အထူးသတင်းထောက်” ဆိုတဲ့အသုံး တွေ့ရပြီဖြစ်ကြောင်း လူထုဦးလှက မှတ်တမ်းပြု ရေးသားခဲ့ပါတယ်။ အမ်ဘိုးချိန်ကတော့ “ဒီသတင်းထောက်ဆိုတဲ့ စကားလည်း အရင်က သတင်းထောက်လို့ မခေါ်ဘူး။ အရင်ကခေါ်တာက သတင်းစာကိုယ်စားလှယ်တဲ့။ သတင်းထောက်လို့ခေါ်တာက ဦးဘလှိုင် လွယ်အိတ်ကြီးဦးဘလှိုင်က စတာပဲ။” လို့ တခုတ်တရ ပြောခဲ့၊ မှတ်တမ်းပြုခဲ့ပါတယ်။ ဒီလိုနဲ့ “၁၉၃၃ ထဲမှာတော့ မြန်မာသတင်းစာလောတခုလုံးမှာ သတင်းထောက်လို့ ရေးကြပါပြီ” လို့ လူထုဦးလှက ရေးခဲ့ပါတယ်။ ကဲ ကျနော်တို့မှာ သတင်းစာပေါ်ဦးစ မော်လမြိုင် ခရော်နီကယ်ကစလို့ ၁၉၃၃ ခုနှစ် နှစ်ပေါင်း ၄၀ ကြာသည်အထိ ဝေါဟာရတလုံး ခိုင်မြဲအောင် လုပ်ခဲ့ကြရတယ်။ အခုတော့ သတင်းထောက်ဆိုတဲ့ ဝေါဟာရတလုံးဟာ မီဒီယာစင်မြင့်ပေါ် ခန့်ညားထည်ဝါစွာ ရှိနေပါပြီ။ အခုနောက်ပိုင်း မီဒီယာတွေလည်း မျိုးစုံပေါ်ထွက်လာခဲ့တယ်။ သတင်းစာအပြင် တယ်လီဗွီးရှင်းတွေ ဘလော့ဂါတွေ၊ ဝက်ဘ်ဆိုက်တွေ၊ တီဗွီချန်နယ်တွေ၊ ဖေ့စ်ဘွတ်ခ်တွေ အစုံစုံ ထွက်ပေါ်ခဲ့တယ်။ ဒါတွေကိုခြုံပြီး အွန်လိုင်းမီဒီယာလို့ ခေါ်လာတယ်။ အွန်လိုင်းမီဒီယာဟာ တဖြည်းဖြည်း ပုံနှိပ်မီဒီယာကို ကျော်တက်ဖွံ့ဖြိုးလာခဲ့ပါပြီ။ သတင်းထောက်တွေလည်း အခေါ်အဝေါ်တွေ များလာပြီ။ တီဗွီချန်နယ်တွေနဲ့အတူ V J ဆိုတဲ့ ဗွီဒီယိုသတင်းထောက်တွေ၊ CJ လို့ခေါ်တဲ့ သတင်းထောက်တွေ၊ အရင်ကတော့ ကော်လံစား သတင်းထောက်တို့၊ အပျော်တမ်း သတင်းထောက်တို့ ဆိုတာတွေ ရှိခဲ့ဖူးတယ်။ အလွတ်တန်း သတင်းထောက်ဆိုတာလည်း ရှိတယ်။ စကားစပ်လို့ အပျော်တမ်း သတင်းထောက် ဆိုတာနဲ့ ပတ်သက်ပြီး ပြောရဦးမယ်။ တချိန်က အပျော်တမ်းဆိုတဲ့ ဝေါဟာရ အတော်ခေတ်စားခဲ့ဖူးတယ်။ အပျော်တမ်း တူရိယာအဖွဲ့တို့၊ အပျော်တမ်း တီးဝိုင်းတို့ဆိုတာ ခေတ်စားခဲ့ဖူးတယ်။ မြို့မဟာ အပျော်တမ်းတူရိယာအဖွဲ့ကနေ ပေါ်လာတာပဲ။ တချို့ သိမီသူတွေ ပြောတာကတော့ အပျော်တမ်းဆိုတာ ဗော်လန်တီယာကို ခေါ်တာပါလို့ ဆိုတယ်။ ဒါကို တကဏ္ဍ တမှို့ထားလိုက်တော့။ အခု CJ လို့ခေါ်တဲ့ အရပ်သတင်းထောက်တွေအကြောင်း ဆက်ကြရအောင်။ (ဒီဗွီဘီက ကိုဇော်မိုးဝေကတော့ ပြည်သူပြည်သား သတင်းသမားလို့ သုံးပါတယ်။ ဆီလျော်တဲ့အသုံးပါပဲ။) အဲ့ဒီ CJ မှာလည်း နှစ်မျိုးဖြစ်လာတယ်။ အချို့က သတင်းဌာနတွေရဲ့ လခစား၊ ကော်လံစား ရှိသလို နောက်တမျိုးကတော့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ကိုယ့်စရိတ်နဲ့ကိုယ် မိမိမျက်စိအောက်မှာ မြင်တွေ့ရာ ဖြစ်ရပ်တွေကို သက်သေအဖြစ် ဖုန်းနဲ့ ဗွီဒီယိုရိုက်တင်တတ်ကြတဲ့ အပျော်တမ်း အရပ်သတင်းထောက်တွေလည်း ရှိလာခဲ့ပါတယ်။ သတင်းတွေကို ကြည့်ရင်လည်း တကယ့်ကို အချိန်နဲ့တပြေးညီ ဖော်ပြနိုင်တာက ဖေ့စ်ဘွတ်ခ်ဖြစ်တဲ့ အွန်လိုင်းတွေ ဖြစ်နေတာကို တွေ့လာရတယ်။ တီဗွီချန်နယ်လိုင်းတွေဟာ အကန့်အသတ် ရှိနေလေတော့ ဖေ့စ်ဘွတ်ခ်လောက် အလျင်အမြန် မတင်နိုင်ဘူး။ ဖေ့စ်ဘွတ်ခ်တွေမှာလည်း အရပ်သားတွေရဲ့ အပျော်တမ်း သတင်းတင်တာတွေဟာ ဝက်ဘ်ဆိုက်တွေထက် အချိန်ပိုစောနေတတ်ပြန်တယ်။ သတင်းမှန်ကန်မှုအတွက်တော့ အရပ်သား အပျော်တမ်း သတင်းသမားတွေမှာ တာဝန်ခံမှု အားနည်းတတ်တာလည်း တွေ့ရပြန်တယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၁၉) မှာတော့ လူတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ရှိတယ်။ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းယူပိုင်ခွင့်ရှိတယ်လို့ ဆိုထားတယ်။ လူတိုင်း သတင်းရယူပိုင်ခွင့်ရှိသူတိုင်း သတင်းထောက်လို့ ပြောဆိုနိုင်သလား။ သတ်မှတ်ချက်နဲ့ ဖွင့်ဆိုချက်တွေက ပိုမိုရှုပ်ထွေးလာတယ်။ သတင်းထောက်နဲ့ သတင်းပေး (Informer) သူနဲ့လည်း မတူပြန်ဘူး။ သတင်းပေးကတော့ အခကြေးငွေ ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ အစိုးရအဖွဲ့အစည်းနဲ့ ပြင်ပအဖွဲ့အစည်း တခုခုအတွက်ဖြစ်ဖြစ် တဦးချင်းအတွက်ဖြစ်ဖြစ် သတင်းပေးသူကို ခေါ်ကြတာ။ သူပေးတဲ့ အချက်လက်တွေက သတင်းအဖြစ် ဖော်ပြခြင်း မရှိတတ်ဘူး။ တခါ သတင်းပေးနဲ့ သတင်းရင်းမြစ်ကလည်း မတူကြဘူး။ သတင်းရင်းမြစ်ကြတော့ သတင်းဖော်ပြမှုရှိတယ်။ သတင်းပေးလိုမဟုတ်ဘူး။ အစကို ပြန်ကောက်ကြည့်ရင် လူတိုင်း သတင်းထောက်ဖြစ်တော့မလား ဆိုတဲ့ အမေးဟာ သတင်းထောက်ရဲ့ ဖွင့်ဆိုချက်နဲ့ ဆိုင်ပါမယ်။ အာတီကယ် (၁၉) အရ လူတိုင်း သတင်းယူခွင့်ရှိပေမယ့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ထုတ်ဖော်တင်ပြခွင့်ရှိပေမယ့် သတင်းထောက်လို့တော့ ပြောဖို့ခက်ပါလိမ့်မယ်။ တကယ်တော့ သတင်းထောက်ဆိုတာ အသက်မွေးဝမ်းကြောင်းနဲ့သာ ခွဲခြားသတ်မှတ် ဖွင့်ဆိုသင့်တယ်လို့ ပညာရှင်အချို့က ယူဆတာလည်း ရှိပါတယ်။ သက်မွေးဝမ်းကြောင်း (Professional) အရ သတင်းထောက်ကတော့ ကျွမ်းကျင်မှု၊ အတတ်ပညာနဲ့ တာဝန်ခံယူမှု၊ တာဝန်ခံမှု ရှိရတယ်။ ဒီလိုခွဲခြားကြည့်မယ်ဆိုရင်တော့ လူတိုင်း သတင်းသမားဖြစ်ခွင့် ရှိပေမယ့် ဖေ့စ်ဘွတ်ခ်မှာ မိမိကြုံတွေ့ရတာတွေ တင်ပြတိုင်း သတင်းထောက်လို့ ခေါ်ဆိုမရနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။ အချက်လက်အချို့ကို လူထုဦးလှရဲ့ ကျနော်သတင်းထောက်မှ ယူပါတယ်။ ထွန်းဇော်ဌေး
3 years Ago
More News
Up