ထွန်းဇောဌေး

August 1, 2018

ကံရာဇာငယ်ကို ဘယ်လို စွဲချက်တင်သင့်လဲ

မြန်မာ့သမိုင်းရဲ့ ဖြစ်ရပ်တွေ၊ ရာဇဝင်တွေ၊ မှန်နန်းတွေနဲ့ အရေးတော်ပုံတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ဘယ်အတိုင်းအတာထိ ရိုက်ခတ်ခဲ့သလဲဆိုတာ စဉ်းစားစရာပါ။ သေချာတာကတော့ မြန်မာတို့ စဉ်းစားတွေးခေါ်ပုံတွေ၊ စံနှုန်းတွေ၊ အယူတွေအပေါ် အနည်းနဲ့အများ လွှမ်းမိုးခဲ့တာ ငြင်းမရဘူး။ အဲဒီအချက်အလက်တွေက မြန်မာတို့အတွက် သင်ရိုးတခုလို ဖြစ်ခဲ့တယ်။ တခါတခါ အစဉ်အဆက် မှားယွင်းတဲ့ ကောက်ချက်တွေရဲ့ ရိုက်ခတ်မှုကြောင့် နှောင်းလူတွေ ရေလိုက်မှားခဲ့တာလည်း တွေ့မြင်နေရပါတယ်။ မြန်မာတို့ရဲ့ နိုင်ငံရေးသမိုင်းအစကို ကြည့်ရင် “အစကတည်းက ယဉ်သကို” ဆိုသလို လက်နက်ကိုင် အားကြီးသူတို့ရဲ့ ခြိမ်းခြောက်မှုနဲ့ စခဲ့တာ။ မြန်မာတို့ရဲ့ သမိုင်းအစကို ငယ်စဉ်က ဖတ်ခဲ့ရဖူးတာလေး တခုကို သတိရမိပါတယ်။ အဘိရာဇာရဲ့ သားတော်နှစ်ယောက် ထီးနန်းလုကြတဲ့ အကြောင်းပါ။ အစဉ်အလာအရ ဆိုရင် ကံရာဇာကြီးက ထီးနန်းဆက်ခံရမှာ။ ဒါပေမယ့် အငယ်ကောင်က အာဏာမက်လေတော့ စစ်သည်ဗိုလ်ပါ စုရုံးပြီး ပုန်ကန်ဖို့ ပြင်ဆင်တာတွေ ရှိတယ်။ ဒီတော့ မှူးကြီးမတ်ရာတွေက လက်ရုံးစစ်မထိုးဘဲ ကုသိုလ်စစ်ထိုးကြဖို့ ညှိနှိုင်းပေးခဲ့တယ်။ ညတွင်းချင်း ဘုရားတည်၊ အရင်ပြီးသူက တိုင်းပြည်အုပ်ချုပ် မင်းလုပ်ပေါ့။ အချို့မှတ်တမ်းတွေကတော့ အလှူပေးမဏ္ဍပ် ဆောက်ရတယ်လို့ ဆိုတယ်။ စေတီတည်တာဖြစ်ဖြစ်၊ အလှူပေးမဏ္ဍပ် ဆောက်တာပဲဖြစ်ဖြစ် အားလုံး သိတော်မူတဲ့အတိုင်း ကံရာဇာငယ်က ဝါးတွေနဲ့ ပိတ်ဖြူကာ ထုံးသုတ်လို့ ဖြစ်ကတတ်ဆန်း လုပ်လိုက်တာ အရင်ပြီးသွားပါရောလား။ ကံရာဇာကြီးကတော့ တကယ် အသေအချာ အခိုင်အခံ့လုပ်တော့ နောက်ကျမှ ပြီးသွားတယ်။ ဒီတော့ ကံရာဇာငယ် ဘုရင်ဖြစ်သွားရော။ ဇာတ်လမ်းကတော့ ဒါပါပဲ။ မြန်မာသမိုင်းတလျှောက်လုံး ကံရာဇာငယ်ကို ချီးကျူးလိုက်ကြတာ။ တော်ပါပေတယ်။ ဉာဏ်ပညာ ရှိပါပေတယ်။ လုပ်နိုင်စွမ်းပါပေတယ် ဆိုပြီး ထောမနာပြုလိုက်ကြတာ။ အာဏာစက်နဲ့ နီးသူရော ဝေးသူတို့ အပြိုင်အဆိုင် ချီးပကြပေါ့။ ကျနော်ကတော့ တလျှောက်လုံး ကံရာဇာငယ်ကို လူမှုရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း၊ တရားဥပဒေအရသော် လည်းကောင်း စွပ်စွဲပြစ်တင်ဖို့နဲ့ Mutiny Act အရသော်လည်းကောင်း တရားစွဲရရင် ကောင်းလေစွလို့ ခံစားမိတယ်။ တကယ်တော့ ကံရာဇာငယ်ဟာ လက်နက်နဲ့ ခြိမ်းခြောက် အာဏာသိမ်းဖို့ ကြိုးစားခဲ့တာပါ။ ဒါဖြင့် ကံရာဇာငယ်ကို တော်လှန်ရေးသမားတယောက်အဖြစ် မြင်မလား။ ကံရာဇာငယ်ကို တော်လှန်ရေးသမား တယောက်လို့လည်း မြင်လို့ မရနိုင်ပါဘူး။ တော်လှန်ရေးသမားဆိုတာ ပြည်သူလူထုအတွက် ကိုယ်ကျိုးမငဲ့ဘဲ ခေတ်စနစ်တွေ ပြောင်းအောင် လုပ်ကိုင်တာပါ။ ကံရာဇာငယ်ကတော့ သူ့အကျိုးစီးပွားနဲ့ယှဉ်ပြီး သူ့အတ္တကို အကောင်အထည်ဖော်တာ။ သူ့အသိုက်အဝန်း လက်တဆုပ်စာအတွက် အာဏာရဖို့ ကြိုးစားတာ။ ဒါကြောင့် ကံရာဇာငယ်ဟာ တော်လှန်ရေးသမား မဟုတ်တာ အသေအချာပါ။ သူဟာ လူမှုရေးသာမက သူ့ခေတ်ကာလရဲ့ လူ့အဖွဲ့အစည်းအပေါ်မှာပါ နိုင်ငံရေးအရ အပြစ်ကျူးလွန်သူပဲ ဖြစ်တယ်။ တခါ မှူးကြီးမတ်ရာတွေကို ကြည့်ပြန်တော့ တရားမျှတမှု လိုလားသယောင်နဲ့ သူတို့လည်း နီးရာဓား ကြောက်ပြီး စစ်အင်အားကြီးသူ ကံရာဇာငယ်ဘက်က ခပ်ပါပါ။ တကယ်တော့ ဘုရားတည်တာဟာ ဘုရင်အလုပ် မဟုတ်သလို ကံရာဇာငယ်ရဲ့ ဆောက်လုပ်ရေးဟာလည်း အရည်အသွေး မမီဘူးဆိုတာ သူတို့ မသိမဟုတ်၊ သိနေမှာပဲ။ ဒါပေမယ့် ဘယ်မှူးကြီး မတ်ကြီးကမှ ကံရာဇာငယ် တည်တဲ့ဘုရားဟာ အရည်အသွေး မမီဘူးလို့ မဆုံးဖြတ်ခဲ့ပါဘူး။ အရည်အသွေး မမီမှန်းသိလျက် “တော်ပါပေတယ်။ ဉာဏ်ပညာ ကြီးပါပေတယ်” လို့တောင် ထောမနာလိုက်ကြသေးရဲ့။ နှောင်းလူတွေအတွက် သင်ရိုးအမှားကို ထည့်သွင်းပြီး မှားယွင်းတဲ့ အတွေးအခေါ်တွေကို ရိုက်သွင်းပေးခဲ့တဲ့ မှူးမတ်တွေကရော အပြစ်မရှိတော့ဘူးလား။ တကောင်း ပြည်သူတို့ကရော ကံရာဇာငယ်ရဲ့ လက်တလုံးခြား လိမ်လည်ချက်ကို ဘာကြောင့် လက်ပိုက်ကြည့်နေကြသလဲ။ မြန်မာ့သမိုင်း အစကတည်းက အာဏာကို လိမ်လည်လှည့်ဖြား ရယူခဲ့ခြင်းဟာ ဂုဏ်ပုဒ်တခု ဖြစ်ခဲ့သလား။ သာမန်ပြည်သူကို အသာထားဦး၊ မြန်မာပညာရှိဆိုတဲ့ ပုဂ္ဂိုလ်များကရော လူလိမ်လူညာတယောက်ရဲ့ လုပ်ရပ်ကို လူထု အမှတ်မှားလောက်အောင် ဘာလို့ ချီးမွမ်းထောမနာပြု မြှောက်စားခဲ့ပါသလဲ။ နီးရာဓားကြောက်တဲ့ သူ့ခေတ် သူ့ကာလ ပညာရှိတွေကို အသာထား၊ ခေတ်အဆက်ဆက် ပညာရှိတွေက ဘာလို့ အမှားကို လက်ခံခဲ့ကြပါလဲ။ ဒီသင်ရိုးအမှားက နောင်တချိန်မှာ ဖြစ်ပေါ်လာတဲ့ ၁၉၅၈ ဗိုလ်နေဝင်းတို့၊ ဗိုလ်မောင်မောင်တို့ရဲ့လုပ်ရပ်တွေ။ ၁၉၆၂ ခုနှစ် လက်နက်နဲ့ ခြိမ်းခြောက်အာဏာသိမ်းမှုတွေ။ ၁၉၈၈ ရဲ့ လက်နက်နဲ့ အာဏာသိမ်းမှုတွေအတွက် တွန်းအားတခု ဖြစ်ခဲ့သလားဆိုတာ စဉ်းစားစရာပါ။ ဆရာဇော်ဂျီက သူ့ရဲ့“သူတို့ညီနောင်နဲ့ ကျနော်” ဆောင်းပါးမှာတော့ … “ကံရာဇာငယ်၏ သစ်ငယ်ဆောက် ဝါးငယ်ဆောက်၊ ဖျင်ဖြူပတ်၊ ထုံးဖြူသုတ်မဏ္ဍပ်ကို ကန့်ကွက်ခြင်း၊ ပယ်ချခြင်း၊ တိုက်ဖျက်ခြင်း မပြုဘဲ နေခဲ့ကြသည်မှာ မည်သည့်အကြောင်းကြောင့်နည်း။ မည်သည့်အကြောင်းကြောင့်မျှ မဟုတ်နိုင်။ ကံရာဇာငယ်သည် ကံရာဇာကြီးအားလည်းကောင်း၊ ကိုရွှေဝန်တို့အားလည်းကောင်း၊ တကောင်းပြည်သူလူထုအားလည်းကောင်း၊ တနည်းနည်းဖြင့် ခြိမ်းခြောက်နေသောကြောင့်သာလျှင် ဖြစ်နိုင်သည်။ xxxxxx…။ လက်နက်နှင့် တပည့်လက်သားတို့ကို မဏ္ဍပ်အတွင်း၌လည်းကောင်း၊ အပြင်၌လည်းကောင်း၊ မြေအောက်၌လည်းကောင်း ပေါ်ပေါ်ထင်ထင်တချို့ ပုန်းလျှိုးကွယ်လျှိုးတချို့ နေရာချထားပြီး ဖြစ်မည်မှာ သေချာသည်။” လို့ သူ့ထင်မြင်ချက်ကို သုံးသပ်ထားတယ်။ ဆရာ့ယူဆချက်အရ ဆိုရင်လည်း ကံရာဇာငယ်ဟာ အပြစ်မကင်းတာ သေချာနေတယ်။ ကံရာဇာငယ်ကို စွပ်စွဲပြစ်တင်ရာမှာတော့ ဆရာနဲ့ ကျနော် သဘောထားမျှခဲ့တယ်။ အဲဒီလို အာဏာကို လက်နက်နဲ့ ခြိမ်းခြောက် အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့ ကံရာဇာငယ်ရဲ့ လုပ်ရပ်ဟာ ပေါ်လွင်နေတယ်။ လက်နက်အားကိုးနဲ့ အနိုင်ယူ ခြိမ်းခြောက်ပြုကျင့်ခြင်းဟာ မည်သူမဆို ရာဇဝတ်မြောက်စေတယ်လို့ Mutiny Act မှာ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ဒီဥပဒေက ဥရောပမှာတော့ အလယ်ခေတ်လောက်က စတင်ပြဋ္ဌာန်းခဲ့တာပါ။ Mutiny ဆိုတာ သင်္ဘောတစီးရဲ့ အမည်။ အဲဒီသင်္ဘောမှာ သင်္ဘောသားတွေ ပုန်ကန်တာကို အကြောင်းပြုပြီး ဒီဥပဒေကို Mutiny Act လို့ ဝိဂြိုဟ်ပြုခဲ့တာ။ အုပ်ချုပ်သူ၊ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းကို လက်နက်ကိုင် ပုန်ကန်သူ မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းကိုမဆို၊ ပူးပေါင်းပါဝင်သူ မည်သူကိုမဆို ရာဇဝတ်မှုအဖြစ် သတ်မှတ် ပြဋ္ဌာန်းထားတဲ့ ဥပဒေပါ။ မြန်မာပြည်မှာတော့ ကံရာဇာငယ်ကို အားကျပြီး လက်နက်နဲ့ ခြိမ်းခြောက် အာဏာသိမ်းယူမှုကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ကြတယ်။ လူထုတင်မြှောက်ထားတဲ့ အစိုးရ၊ သို့မဟုတ် အုပ်ချုပ်သူကို လက်နက်နဲ့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့ရင်တောင် Mutiny Act နဲ့ ငြိတယ်။ တိုင်းပြည်ပျက်ဖို့ လက်တလုံးမကလို့ ၁ စင်တီမီတာပဲလိုလို အဲဒါ အစိုးရက ဆုံးဖြတ်ရမယ့်ကိစ္စသာ ဖြစ်တယ်။ အစိုးရနဲ့ စစ်တပ်ဆိုတာ ဆောင်တာချင်း မတူသလို တာဝန်ချင်းလည်း ကွာတယ်။ အုပ်ချုပ်သူ အစိုးရရဲ့ အမိန့်အပေါ် လိုက်နာတတ်တာဟာ စစ်သားကောင်းတို့ တာဝန်ပဲ။ ဒီလို အခြေအနေစုံကို စဉ်းစားမိပြီးနောက်၊ မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ ပဒေသရာဇ် ခေတ်ကာလ အစဦးကတည်းက သူ့ခေတ် သူ့ကာလ၊ သူ့လူ့အဖွဲ့အစည်းပေါ်မှာ ကျူးလွန်ခဲ့တဲ့ ကံရာဇာငယ်အပေါ်မှာ ဘယ်လို စွဲချက်တင်သင့်သလဲ။ သူ့လိုမျိုး ကိုယ့် လူ့အဖွဲ့အစည်းပေါ်မှာ လက်နက်နဲ့ ခြိမ်းခြောက် အာဏာသိမ်းခဲ့သူတွေ အပေါ်မှာရော ဘယ်လိုစွဲချက်တင်ကြမလဲ။ နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိဘူး ဆိုပေမယ့် လူ့သမိုင်း လူ့အဖွဲ့အစည်းကတော့ သမိုင်းဆိုင်ရာ ပြစ်မှုတခုအဖြစ် သတ်မှတ်ကောင်း သတ်မှတ်ကြပါလိမ့်မယ်။ သမိုင်းဆိုင်ရာ ပြစ်ဒဏ်ခတ်ခြင်းကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒီတော့…. ကဲ… ကံရာဇာငယ်လို လူအန္ဓတွေ ပေါ်ပေါက်လာခဲ့ရင် ကျနော်တို့ ဘယ်လို စွဲချက်တင်ကြမလဲ….။ ကံရာဇာငယ်ကိုရော ဘယ်လို စွဲချက်တင်ကြမလဲ….။ ထွန်းဇော်ဌေး
3 years Ago
Up