ထွန်းထွန်းမင်းကို အနိုင်ယူခဲ့သည့် ကွန်ဂိုနိုင်ငံသားနှင့် ဂျပန်ရိုးရာလက်ဝှေ့ကျော် ထိုးသတ်မည်

May 18, 2017

ထွန်းထွန်းမင်းကို အနိုင်ယူခဲ့သည့် ကွန်ဂိုနိုင်ငံသားနှင့် ဂျပန်ရိုးရာလက်ဝှေ့ကျော် ထိုးသတ်မည်

ဂျပန်နိုင်ငံသား ရိုးရာလက်ဝှေ့ကျော် ခနဲကိုဒိုင်အီက ကွန်ဂိုနိုင်ငံသား ဒါရိုင်း လိုကူကူ (Daryl Lokuku) ကို အလဲထိုး အနိုင်ယူပြမယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်၊ မေလ ၂၁ ရက် ဂျပန်နိုင်ငံ တိုကျိုမြို့ တိုကျိုတာဝါ မီဒီယာစင်တာမှာပြုလုပ်မယ့် ZONE 6 ပွဲမှာ သူတို့ နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။ ခနဲကိုဒိုင်အီဟာ မြန်မာ့ရိုးရာလက်ဝှေ့ နည်းစနစ်တွေကို လေ့လာသင်ယူထားသူဖြစ်ပြီး ကွန်ဂိုနိုင်ငံသား ဒါရိုင်း လိုကူကူကလည်း ၂၀၁၆ ခုနှစ်မှာ ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒီပွဲမှာ ရိုးရာလက်ဝှေ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိုးသတ်မှာဖြစ်ပြီး သတ္တိရိုးရာအဖွဲ့သား လက်ဝှေ့ကျော် စောဂေါ်မူဒိုကလည်း ထိုင်းနိုင်ငံ မွေထိုင်းလက်ဝှေ့ကျော် ဝီရာဝတ် ဆစ်တ်ကန်ပါးလ် (Weerawat Sitkanpal) နဲ့ ထိုးသတ်မှာဖြစ်ပါတယ်။ ZONE Kickboxing ကနေ တာဝန်ယူစီစဉ်တဲ့ ZONE6 ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲ ၂ ပွဲကို ဂျပန်နိုင်ငံဆိုင်ရာ ရိုးရာလက်ဝှေ့ကိုယ်စားလှယ် မစ္စတာ တာကူယာ တာကာမိုရီ (Mr .Takuya Takamori) က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ တာကူယာ တာကာမိုရီဟာ ၂၀၀၈ ခုနှစ်က ပုဂံမှာ ဘုရားဖူးရင်း ဓမ္မရာဇိက ဘုရားမှာ လက်ဝှေ့လို့ထင်ရတဲ့ နံရံဆေးရေးကို တွေ့ခဲ့ပြီး ရိုက်ကူးလာခဲ့တဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုကို မြန်မာ့ရှေးဟောင်းသုတေသနအဖွဲ့ကို တင်ပြကာ မြန်မာ့ရိုးရာလက်ဝှေ့ဟာ ပုဂံခေတ်ကတည်းက ထွန်းကားခဲ့တာကို အတည်ပြုချက် ရယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဂျပန်တိုက်ခိုက်ရေးသမားတွေကို မြန်မာနိုင်ငံခေါ်ယူကာ ရိုးရာလက်ဝှေ့ကို မိတ်ဆက်ပေးတာ၊ ဂျပန်မီဒီယာတွေမှာ တင်ဆက်ပြသတာတွေ ပြုလုပ်နေသူ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်
4 years Ago
Up