တရားရုံးက ပြစ်ဒဏ်ချမှတ်မယ့်နေ့မှာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာကို ရှာဖွေနိုင်ရေး နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ရဲ့ အကူအညီကို ရယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းအမျိုးသားသတင်းဗျူရို သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အမျိုးသားဒုတိယရဲချုပ် ဗိုလ်ချုပ်ကြီး ဆီရိဗာရာ ရန်ဆီဘရာမာနာကူလ်က ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့အပြီး ခုလိုပြောခဲ့တာပါ။
နိုင်ငံတဝှမ်းမှ အထူးရဲတပ်ဖွဲ့တွေကိုလည်း စုံစမ်းရှာဖွေဖို့ ညွှန်ကြားထားပြီးဖြစ်ကာ စက်တင်ဘာ ၁ ရက်နေ့မှာ အစီရင်ခံဖို့ ညွှန်ကြားထားတယ်လို့ သူက ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဗျူရိုကိုလည်း နယ်စပ်ဝင်ထွက်ဂိတ် အားလုံးကနေ တဆင့် ထွက်ပြေးလွတ်မြောက်သွားနိုင်မယ့် လမ်းကြောင်းတွေကို စစ်ဆေးထားဖို့ ညွှန်ကြားထားတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ မှာ ယင်လပ်ကို ဖြန့်ကျက်ရှာဖွေနိုင်ရေး အင်တာပိုလ်ရဲ့ အကူအညီနဲ့ လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတာပါ။
ဒါပေမယ့် ယင်လပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံသွားဖို့ ထရက်တ်ခရိုင်ကို မထွက်ခွာခင် ဘန်ကောက်မြို့ ဟိုတယ်တခုမှာ တည်းခိုခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သတင်းထောက်တွေက မေးမြန်းချိန်မှာတော့ ဒုတိယရဲချုပ် ဆီရိဗာရာက ငြင်းဆန်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပိုင်ဆစ် ဝေါင်မန်က ယင်လပ် ထွက်ပြေးလွတ်မြောက်သွားတဲ့ကိစ္စမှာ အစိုးရအနေနဲ့ အထူးညွှန်ကြားချက် တစုံတရာ ထုတ်ပြန်ခဲ့ခြင်း မရှိဘူးလို့ ပြောလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ ထောင်ဒဏ်ဆယ်နှစ်ပြစ်ဒဏ် ရင်ဆိုင်ရနိုင်တဲ့ တရားခွင်ကို လာရောက်ဖို့ ပျက်ကွက်ပြီး ရက်ပိုင်းအတွင်း ခုလို ပြောလိုက်တာပါ။
အသက် ၅၀ အရွယ်ရှိ ယင်လပ်ရဲ့ အစိုးရကို ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာပါ။
သူ့အစိုးရလက်ထက်မှာ ဆန်စပါး အမတော်ကြေး အစီအစဉ်ကြောင့် ထိုင်းအစိုးရဟာ အမေရိကန်ဒေါ်လာ ၈ ဘီလျံ ဆုံးရှုံးခဲ့ပါတယ်။
အဲဒီအတွက် တာဝန်ပေါ့လျော့မှုနဲ့ သူ့ကို အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရက တရားစွဲထားခဲ့တာ ဖြစ်ပါတယ်။
5 years Ago