ထွက်ပြေးသည့် မြောက်ကိုရီးယားစစ်သားကို သေနတ်ဖြင့် လိုက်ပစ်သည့် ဗွီဒီယိုဖိုင် ထုတ်ပြန်

November 22, 2017

ထွက်ပြေးသည့် မြောက်ကိုရီးယားစစ်သားကို သေနတ်ဖြင့် လိုက်ပစ်သည့် ဗွီဒီယိုဖိုင် ထုတ်ပြန်

လွန်ခဲ့တဲ့ ရက်ပိုင်းက တောင်ကိုရီးယားဘက်ကို ထွက်ပြေးတဲ့ မြောက်ကိုရီးယားစစ်သားကို သေနတ်နဲ့ ပစ်ခတ်နေတဲ့ ဗွီဒီယိုဖိုင်ကို ကုလသမဂ္ဂတပ်ဖွဲ့ (ယူအန်စီ) က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ခုလို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်ဟာ ကိုရီးယားစစ်ပွဲတွေကို ရပ်တန့်စေခဲ့တဲ့ ၁၉၅၃ ခုနှစ် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ပြီး ဒါကိုဖြေရှင်းဖို့ မြောက်ကိုရီးယားဘက်ကိုလည်း အသိပေးထားတယ်လို့ တောင်ကိုရီးယားအခြေစိုက် ကုလသမဂ္ဂတပ်ဖွဲ့က ပြောလိုက်တာပါ။ စီစီတီဗွီကင်မရာမှတဆင့် ရိုက်ကူးထားတဲ့ အဲဒီ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က မြောက်ကိုရီးယား စစ်ကားတစင်းဟာ မြောက်ကိုရီးယားစစ်သားတွေ စောင့်ကြပ်နေတဲ့ နယ်စပ်ဂိတ်ဆီ အပြင်းမောင်းနှင်လာခဲ့တာကို တွေ့ရပါတယ်။ ဒီနောက် မြောက်ကိုရီးယား အစောင့်တပ်သားတွေဟာ အဲဒီ ထွက်ပြေးတဲ့စစ်သားရဲ့ အနောက်နားကနေ ပစ်ခတ်ခဲ့ပြီး အစောင့်တပ်သားတယောက်ဟာ နယ်စပ်ကို အချိန်အနည်းငယ် ဖြတ်ကျော်ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဘက်ကို ထွက်ပြေးလာတဲ့ အဲဒီစစ်သားဟာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အမေရိကန်စစ်တပ် ရဟတ်ယာဉ်နဲ့ တောင်ကိုရီးယားဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ရပါတယ်။ ထွက်ပြေးစစ်သားရဲ့ ရာထူးနဲ့ နာမည်ကိုတော့ အခုချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up