ထွက်ပြေးလွတ်မြောက်

August 25, 2017

မော်လမြိုင်ကျွန်း မြို့မရဲစခန်းမှ အချုပ်သား ၁၀ ဦး ထွက်ပြေးလွတ်မြောက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့မရဲစခန်းကနေ  ဒီကနေ့ မနက် ၃ နာရီလောက်က အချုပ်သား ၁၀ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။ ၁၈၈၀ ပြည့်နှစ်ကတည်းက တည်ဆောက်ထားတဲ့ ရဲစခန်း အချုပ်ခန်းဟောင်းမှာ အချုပ်သား ၄၁ ယောက်ထားရှိထားပြီး အဲ့ဒီအထဲက အချုပ်သား ၁၀ ဦးဟာ ဆွေးနေတဲ့ အချုပ်ခန်းကြမ်းပြင်ကို ဖောက်ထွင်းပြီး ပုဆိုးတွေကို ကြိုးသဖွယ်လုပ်က တွယ်ဆင်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။ အများစုက ခိုးမှုနဲ့ စစ်ဆေးခံနေရသူတွေဖြစ်ပြီး အမြန်ဆုံးပြန်လည် ဖမ်းဆီးရမိနိုင်ရေးအတွက် တိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင်အနီးကပ် ကြီးကြပ်ပြီး မြို့နယ်နဲ့ စပ်ဆက်တဲ့ ထွက်ပေါက်တွေ၊ တရားခံသွားလာနိုင်တဲ့ နေရာတွေကိုစုံစမ်းပြီး ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပေါ့လျော့စွာ တာဝန်ထမ်းဆောင်တဲ့အတွက် အလှည့်ကျကင်းအဖွဲ့တွေ၊ စခန်းမှူးနဲ့ တာဝန်မှူးတို့ကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။
4 years Ago

April 8, 2017

ပျဉ်းမနားအချုပ်ခန်းမှ တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်

နေပြည်တော်၊ ပျဉ်းမနားမြို့မ ရဲတပ်ဖွဲ့စခန်း အချုပ်မှာ ဧပြီလ ၈ ရက်နေ့က တရားခံ ၂ ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။ တရားခံ ၂ ဦးဟာ ပ ၂၅၆/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အရေးယူခံထားရတဲ့ ၀င်းထိုက်ကျော်နှင့် ငွေသိန်း (ခေါ်) ညီညီ တို့ဖြစ်တယ်လို့ ပျဉ်းမနားမြို့မ ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဧပြီ ၈ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က အချုပ်ခန်း သန့်ရှင်းရေးလုပ်ဖို့အတွက် တရားခံငွေသိန်းနဲ့ ၀င်းထိုက်တို့ကို အခြားအချုပ်သား ၂ ဦးနဲ့ အတူခိုင်းစေခဲ့ပြီး အချုပ်ခန်းကို ပြန်လည်ပို့ဖို့ ပြင်ဆင်ရာမှာ မရှိတော့ဘဲ ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။ တရားခံထွက်ပြေးမှုနဲ့ ပတ်သက်ပြီး ရှာဖွေရာ အချုပ်ခန်းအသစ်ရဲ့ အုတ်နံရံကနေတဆင့် အချုပ်ထောင်ဟောင်း ခေါင်မိုးပေါ်ကို ကျော်တက်ပြီး ထွက်ပြေးသွားခဲ့တာလို့ ရဲကြေးနန်းမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ တရားခံပြေးတွေကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ကို တာဝန်ရှိသူတွေ ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။ အဲဒီ အချုပ်ထောင်အတွင်းမှာ အချုပ်တရားခံ ကျား (၄၂) ဦး၊ မ (၇) ဦး တို့ကို ချုပ်ထားပြီး တာဝန်ခံ ရဲမှူး၊ ရဲအုပ်၊ ကင်းမှူးတို့နဲ့ ကင်းသား (၁၀)ဦးက စောင့်ကြည့်နေခဲ့တာပါ။ အောင်ကိုကိုလတ်
5 years Ago
Up