ထောင် ၁ လချမှတ်

September 4, 2020

မလှိုင်မြို့တွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၁၂ ဦးအား ထောင် ၁ လစီချမှတ်

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ စက်တင်ဘာလ ၃ ရက်နေ့က ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်သူ ၁၂ ဦးကို မြို့နယ်တရားရုံးက အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်တယ်လို့ မလှိုင်မြို့မရဲစခန်း ဒုရဲအုပ်စန်းမြိုင်က ပြောပါတယ်။ ကိုဗစ်ကာလ စေတနာ့ဝန်ထမ်းဘော်လန်တီယာ တာဝန်ခံဒေါက်တာကောင်းလျှံက "ဒီနေ့မနက် ၁ နာရီ နဲ့ ၂ နာရီကြားမှာ ဖမ်းဆီးတာပါ။ ဒီနေ့ညနေမှာပဲ မြို့နယ်တရားရုံးက ထောင်ဒဏ် ၁လ အမိန့်ချတယ်ဆိုတာ သိရတယ်။ မြို့နယ်အုပ်ချုပ်ရေးက တရားလိုလုပ်ပြီး တရားစွဲတာပါ" လို့ ပြောပါတယ်။ မလှိုင်မြို့မရဲစခန်းမှာ ကိုဗစ်ကာလ ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ထားတာကို ဖောက်ဖျက်ပြီး သွားလာခဲ့သူ ၁၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၈၈၊ ရဲအရေးမပိုင်အမှုအနေနဲ့ ရဲစခန်းပုံစံ(က)(ခ) ရေးသွင်းပြီး တရားရုံးဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဟာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ထားတဲ့ ဒေသန္တအမိန့်အား ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်ပါတယ်။ သတင်း-မောင်မောင်လင်း
1 year Ago
Up