ထောင်သား ၂၀၀၀

October 3, 2021

အီကွေဒေါနိုင်ငံက ထောင်သား ၂၀၀၀ ခန့်ကို လွတ်ငြိမ်းခွင့်ပေးမည်

အီကွေဒေါနိုင်ငံရဲ့ ထောင်တွေထဲမှာ လူတွေ ကြပ်ညပ်နေတာ သက်သာအောင် ထောင်သား အယောက် ၂၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စီစဉ်နေတယ်လို့ အရာရှိတွေက အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံ့သမိုင်းမှာ အဆိုးဆုံး ထောင်တွင်း အဓိကရုဏ်းကြောင့် ထောင်သား ၁၁၈ ယောက် သေဆုံးပြီး နောက်ထပ် ၇၉ ယောက် ဒဏ်ရာရအပြီးမှာ ခုလို ပြောလိုက်တာပါ။

ထောင်သား ၆ ယောက်ထက်မနည်းဟာ တစစီ ခုတ်ဖြတ်ခံခဲ့ရပါတယ်။

သက်ကြီးထောင်သားတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းနဲ့ နာတာရှည် ထောင်သားတွေကို ဦးစားပေး ပြန်လွှတ်ဖို့ အစိုးရက ရည်မှန်းထားတယ်လို့ အီကွေဒေါ အကျဉ်းဦးစီးဌာန ညွှန်မှူး ဘိုလီဗာ ဂါဇွန်က ပြောခဲ့ပါတယ်။

အီကွေဒေါ ထောင်တွေထဲမှာ လောလောဆယ် ထောင်သား ၃၉၀၀၀ ရှိနေတယ်လို့ ဂါဇွန်က ထပ်ပြောပါတယ်။

ထောင်အဓိကရုဏ်းတွေဟာ အုပ်စုဖွဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ အုပ်စုတွေက ထိန်းချုပ်ရေး အတွက် တိုက်ခိုက်တာကြောင့် ဖြစ်လာတာလို့ သူက ပြောပါတယ်။

အီကွေဒေါ ထောင်တွေထဲမှာ ဇူလိုင် အဓိကရုဏ်းကြောင့် ထောင်သား ၂၂ ယောက်နဲ့ ဖေဖော်ဝါရီ အဓိကရုဏ်းကြောင့် ထောင်သား ၇၉ ယောက် သေဆုံးခဲ့ပါတယ်။

ရာဇဝတ်အုပ်စုတွေကြား ဂိုဏ်းသား အကူးအပြောင်းနဲ့ မဟာမိတ်ပြုတာတွေ ရှိနေပြီး မူးယစ်ကုန်ကူးမှု လမ်းကြောင်းတွေ လုရင်း တိုက်ခိုက်ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဥပဒေစိုးမိုးရေးအတွက် နိုင်ငံတလွှားက ထောင်တွေဆီ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင် အယောက် ၃၆၀၀ လောက် လွှတ်ထားပြီးပြီလို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

2 weeks Ago
Up