ထောင်ဝန်ထမ်း

October 27, 2020

မအူပင်ထောင်၌ အကျဉ်းသားနှင့် ထောင်ဝန်ထမ်း ၆၉ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ အကျဉ်းထောင်မှာ  အောက်တိုဘာ ၂၆ ရက်နေ့ညပိုင်းက အကျဉ်းသားနဲ့  ထောင်ဝန်ထမ်း ၆၉ ဦး ကိုဗစ်-၁၉ ရောဂါပိုး  စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မအူပင်အကျဉ်းထောင် ဝန်ထမ်းတစ်ဦးက "ကိုဗစ်ရောဂါ သံသယရှိတဲ့ အကျဉ်းသားနဲ့ ထောင်ဝန်ထမ်းတချို့ကို အကျဉ်းထောင်ထဲမှာပဲ  ကွာရန်တင်းပုံစံထားခဲ့ပြီးတော့ ကိုဗစ်စစ်ဆေးရာမှာ လူ ၆၉ ဦးက positive ဖြစ်နေတယ်"လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူတွေအထဲက   ထောင်ဝန်ထမ်း ၃ ဦးနဲ့ အကျဉ်းသား  ၃ ဦးကို မအူပင်မြို့ရှိ အစိုးရကွန်ပျူတာတက္ကသိုလ် ကုသဆောင်သို့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ပြောင်းရွှေခဲ့ပြီး ကျန်လူနာ ၆၃ ဦးကို မအူပင်အကျဉ်းထောင်မှာပဲ  ယာယီကုသမှုပေးနေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့က မအူပင်အကျဉ်းထောင်က ဆရာဝန်နဲ့ သူနာပြုတွေကို အကျဉ်းသားတွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးဖို့ သင်ပေးခဲ့တယ်လို့  မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနမှ  ဒေါက်တာ ခင်မာစိုးက  ဒီဗွီဘီကို ပြောပါတယ်။ “လူဦးရေဘယ်လောက်စစ်တယ်ဆိုတာ မသိရသေးဘူး၊ ဒီနေ့တော့ ထောင်က ဆရာဝန်တွေနဲ့ သူနာပြုတွေကို PPE ဝတ်တာတွေ ချွတ်တာတွေနဲ့ စစ်ဆေးတာတွေကို လက်တွေ့စစ်ပြတာတွေ တော့လုပ်ပေးပါတယ်"လို့ ပြောပါတယ်။ ထောင်မှာစစ်ဆေးရမယ့် သူတွေများတာကြောင့် လူစာရင်းကို အတိအကျမသိရသေးသော်လည်း အားလုံးစစ်ဆေးတာတွေပြုလုပ်ပြီးသွားရင်တော့ သတင်းထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up