ထောင်ဝင်စာ

August 25, 2021

ထောင်ဝင်စာလာတွေ့သည့် ဦးနိုင်ငံလင်း၏ဇနီးနှင့် ကလေးကို စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီး ဒေါ်ခင်စန္ဒာဝင်းနဲ့ ကလေးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဒီကနေ့မနက် အင်းစိန်ထောင်မှာ ထောင်ဝင်စာသွားရောက်တွေ့ဆုံစဉ် ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဦးနိုင်ငံလင်း မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

 “အစတုန်းက သူ (ဒေါ်ခင်စန္ဒာဝင်း) က အကျယ်ချုပ်၊ သူတို့ကို ခြံထဲမှာ အကျယ်ချုပ်ထားထားတာ။ အဲဒီကနေ ထောင်ဝင်စာတွေ့လို့ရတယ်ဆိုတော့ သွားတွေ့နေတယ်နဲ့ တူပါတယ်။ အရင်တုန်းကတော့ သူများနဲ့ထောင်ဝင်စာတွေ့နေတာ၊ နောက်ပိုင်းကျတော့ သူတို့တွေ့လိုရတယ်ဆိုလို့   ထောင်ဝင်စာသွားသွားတွေ့နေတယ်။ ဒီနေ့ကျမှ ဘယ်လိုဖြစ်တယ် မသိဘူး။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ ဒီနေ့ကျမှ ဆွဲစိလိုက်တာ။ ” လို့ပြောပါတယ်။

သူတို့မိသားစုဟာ ဦးနိုင်ငံလင်း လူမှုရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က နေထိုင်ခွင့်ပြုခဲ့တဲ့ ခြံနဲ့အိမ်မှာ အကျယ်ချုပ်ကျခံနေရတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးကတည်းက လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

5 months Ago

August 19, 2021

တောင်လေးလုံးထောင်တွင် ထောင်ဝင်စာသွားပို့ပြီးပြန်လာသည့် အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

ရှမ်း​ပြည်နယ်တောင်ပိုင်း တောင်လေးလုံးထောင်မှာ သြဂုတ် ၁၈ ရက်က အမျိုးသားအတွက် ထောင်ဝင်စာသွားပို့ပြီး ပြန်လာတဲ့ အမျိုးသမီးနဲ့ သူငယ်ချင်းဖြစ်သူတို့ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူရဲ့ မိတ်ဆွေတစ်ဦးက "ထောင်ဝင်စာပို့ပြီး ညောင်ရွှေက Mr.David ငါးကန်ဆိုင်မှာ ကော်ဖီပြန်သောက်တဲ့အချိန်မှာ ညောင်ရွှေရဲတွေက ရောက်လာပြီး ဖမ်းဆီးသွားတာ။ ဖမ်းတုန်းက ဆိုင်ရှင် ကိုဒေးဗစ်လင်မယားလည်းပါတယ်။ ညောင်ရွှေရဲစခန်းမှာ စစ်ဆေးမေးမြန်းပြီး ဖုန်းတွေစစ်တယ်၊ ဖုန်းကျန်ခဲ့လို့ ဆိုင်ရှင်ကိုဒေးဗစ်က ဖုန်းပြန်ယူပြီး ရဲကိုလာအပ်တော့ စစ်ကြောရေးကို ပို့လိုက်တာ" လို့ ပြောပါတယ်။

ဆိုင်ရှင် ကိုဒေးဗစ်တို့ လင်မယားက ပြန်လွတ်လာပြီး ထောင်ဝင်စာသွားပို့တဲ့ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့ ရှမ်းပြည်နိုင်ငံရေးအကျဥ်းသားဟောင်း ကိုညီညီရွှေရဲ့ အမျိုးသမီးနဲ့ သူငယ်ချင်းဖြစ်သူတို့ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

ရှမ်းပြည်နယ်ရှိ အကျဉ်းထောင်ကို ဇူလိုင်လတည်းက ကိုဗစ်ထိန်းချုပ်ရေးအတွက် ထောင်ဝင်စာ ပို့ခွင့်ပိတ်ထားတာဖြစ်ပါတယ်။

ဩဂုတ် ၁၈ ရက်နေ့ မနက်ကမှ ထောင်ဝင်စာလက်ခံကြောင်း ကြေညာခဲ့တာဖြစ်ပြီး အဲ့နေ့မှာပဲ ထောင်ဝင်စာပို့တဲ့သူတွေ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

5 months Ago
Up