ထောင်ဒဏ်  ၅ နှစ်ချ

December 25, 2020

ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ထားသူ ၁ ဦးကို ကျောက်ဖြူတရားရုံးက ထောင်ဒဏ်  ၅ နှစ်ချ

ဓညဝတီရေတပ်က ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာနေ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို မြို့နယ်တရားရုံးက ဒီဇင်ဘာ  ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ကျောက်ဖြူဓညဝတီ ရေတပ်ဌာနချုပ်က ဗိုလ်ကြီးပြည့်ဖြို့အောင်ကနေပြီး တရားလိုလုပ်ကာ မောင်တင်ချမ်းကို အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(ခ) နဲ့ တရားစွဲခဲ့တာဖြစ်ပြီး တရားလိုပြ သက်သေ ၁၁ ဦးကို စစ်ဆေးခဲ့တယ်လို့ အခမဲ့လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ Legal Clini Myanmar ကျောက်ဖြူရုံးခွဲတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးဦးညွန့်မောင်က ပြောပါတယ်။ “အဲဒီတရားလိုပြသက်သေ ၁၁ ဦးရဲ့ထွက်ဆိုချက်အရ စွဲချက်တင်တာပေါ့။ အဲဒီမှာ စွတ်စွဲခံရတဲ့ မောင်တင်ချမ်းအပါအဝင် ခံပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့တာပေါ့။ အဲဒီစစ်ဆေးခဲ့တဲ့အပေါ်မှာ စွပ်စွဲခံရတဲ့ မောင်တင်ချမ်းကို အပြစ်ရှိတယ်ဆိုပြီး သုံးသပ်ပြီးတော့ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ၃၃ (ခ) အရ ကျောက်ဖြူမြို့နယ်တရားရုံးကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ်ကျခံဖို့ အမိန့်ချမှတ်လိုက်တာပေါ့။ ကြာချိန်ကတော့ မောင်တင်ချမ်းကို စဖမ်းပြီး အမိန့်ချတဲ့နေ့ထိဆိုရင် ၁ နှစ်နဲ့ ၅ လထိကြာတာပေါ့” လို့ ပြောပါတယ်။ အခုလို မောင်တင်ချမ်းကို ကျောက်ဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ် စီရင်ချက်အမိန့်ချမှတ်တဲ့အပေါ်မှာ အထက်တရားရုံးကို အယူခံတင်သွင်းသွားမယ်လို့ ဆိုပါတယ်။  မောင်တင်ချမ်းဟာ ဂျပန်ခေတ်က ရခိုင်သားချေ ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်ကိုအသုံးပြုပြီး တပ်မတော် ရေရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဖော်ပြခဲ့တယ်ဆိုပြီး ၂၀၁၉ ခုနှစ် ဇူလှိုင် ၂၉ ရက်နေ့မှာ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးပြည့်ဖြိုးကျော်က တရားလိုလုပ်ကာတိုင်ကြားတဲ့အတွက် ကျောက်ဖြူမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေးပုဒ်မ  ၃၃(ခ) နဲ့ အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။ နောင်နောင်  
10 months Ago
Up