ထောင်ဒဏ် ၃ နှစ်

September 15, 2021

ကန်ကြီးထောင့်မြို့က ပြည်သူ့ပါတီအလုပ်မှုဆောင် ကိုအာကာအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ပြည်သူ့ပါတီအလုပ်မှုဆောင် ကိုအာကာအောင်ကို အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ကန်ကြီးထောင့်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီး ရန်ကုန်မြို့မှာသွားရောက်ရှောင်တိမ်းနေချိန် ဇွန်လ ၂၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရကာ ဒီကနေ့ အမိန့်ချလိုက်တာလို့  ညီဖြစ်သူ ကိုစည်သူအောင်ကပြောပါတယ်။

"ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ပြီး ထောင် ၃ နှစ်ချတယ်လို့ ကြားတယ် ဘယ်မှာချတယ်ဆိုတာလည်းမသိရဘူး သွားတွေ့လို့လည်း မရဘူး'' လို့ ပြောပါတယ်။

နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက မတရားပုဒ်မတပ်ဖမ်းဆီး တရားစွဲထောင်ချတာနဲ့ မတရားသတ်ဖြတ်တာတွေကိုရပ်တန့်ဖို့၊ အရေးတော်ပုံအောင်မြင်ဖို့နဲ့  ထောင်ထဲရောက်နေတဲ့ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် အကောင်းဆုံးလုပ်ပေးနိုင်ဖို့ တောင်းဆိုတယ်လို့လည်း သူ့ရဲ့ညီဖြစ်သူက ဆိုပါတယ်။

ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုအာကာအောင်ကို အင်းစိန်ထောင်ကိုပို့ထားပြီး ညီဖြစ်သူ ကိုစည်သူအောင်ကိုလည်း ကန်ကြီးထောင့် မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့  အမှုဖွင့်ထားတယ်လို့ ရှေ့နေအသိုင်းဝိုင်းက သိရပါတယ်။

3 months Ago

May 12, 2021

DVB သတင်းထောက် ကိုမင်းညိုကို အကြမ်းဖက်စစ်အုပ်စုက ထောင်ဒဏ် ၃ နှစ်ချမှတ်

အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကို ဒီကနေ့ မေလ ၁၂ ရက်နေ့ရုံးချိန်းမှာ စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

ပြည်မြို့လူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု သတင်းယူနေတဲ့ ကိုမင်းညိုကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ  အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီးနောက်  ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ကိုမင်းညိုကို အမိန့်ချလိုက်တာနဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ရှေ့နေတွေနဲ့တိုင်ပင်နေတယ်လို့ ကိုမင်းညိုရဲ့ဇနီး မညိုမီမိုးကပြောပါတယ်။

"သတင်းထောက်တွေနဲ့ ပြည်သူတွေကို မတရားအနိုင်ကျင့်နေတာပါ" လို့မညိုမီမိုးကပြောပါတယ်။

အလားတူ အဖမ်းခံထားရတဲ့ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကိုလည်း မေလ ၁၁ ရက်က ရုံးထုတ်ခဲ့ပြီး ကိုအောင်ကျော်ကိုယ်တိုင် တရားရုံးမှာ သတင်းမီဒီယာဥပဒေကို သက်သေပြုပြီး ပြန်ချေပခဲ့ပါတယ်။

တရားသူကြီးကတော့ ကိုအောင်ကျော်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့တရားစွဲ ထားတာဖြစ်တဲ့အတွက် ပုဒ်မ ၅၀၅ (က) အပေါ်မူတည်ပြီးပဲ ဆုံးဖြတ်ချက်ချမယ်လို့ တရားခွင်မှာပြောဆိုခဲ့ ပါတယ်။

ကိုအောင်ကျော်ကို မေလ ၁၈ ရက်နေ့မှာ နောက်ထပ်ရုံးချိန်းထပ်ခေါ်ထားပြီး မေလကုန် ဒါမှမဟုတ် ဇွန်လဆန်းမှာ အမိန့်ချဖို့ရှိတယ်လို့ ကိုအောင်ကျော်ရဲ့ဇနီး မနေခြည်မိုးထက်ကပြောပါတယ်။

7 months Ago
Up