ထောင်ဒဏ် ၁ နှစ်

A d v e r t i s e m e n t With Us

December 3, 2020

ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားသူ  ဂျိုရွှာဝေါင်ကို  ထောင်ဒဏ် ၁ နှစ်ကျော် ပြစ်ဒဏ်ချ 

ဟောင်ကောင်ရဲ့ အထင်ရှားဆုံး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင်ကို ၂၀၁၉ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာပါဝင်မှုနဲ့ ဒီဇင်ဘာ ၂ ရက်က ထောင်ဒဏ် ၁၃ လခွဲ စီရင်လိုက်ပါတယ်။ ဟောင်ကောင်အစိုးရရဲ့ တရားစီရင်ရေးဟာ နိုင်ငံရေးအကွက်ရွှေ့မှုပဲလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International Hong Kong က ပြောပါတယ်။ ဒီတရားစီရင်မှုဟာ ဒီနှစ်အတွင်း အထင်ရှားဆုံး အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူ တစ်ဦးကို  ချမှတ်တဲ့ အပြင်းထန်ဆုံး စီရင်ချက်ပါ။  တရုတ်ပြည်မကြီး ကျောထောက်နောက်ခံ ပေးထားတဲ့ ဟောင်ကောင်အစိုးရဟာ အတိုက်အခံတွေကို နှိမ်နင်းတာ တိုးလုပ်လာတယ်လို့လည်း  ဝေဖန်သူတွေက ပြောပါတယ်။  ဝေါင်ရဲ့ ကာလရှည် ရဲဘော်ရဲဘက် အန်းနက်စ်ချောင်နဲ့ အိုင်ဗန်လမ် တို့လည်း ထောင်ဒဏ် ဆယ်လနဲ့ ၇လ စီ အသီးသီး စီရင်ချက်ချခဲ့ပါတယ်။ သူတို့ကတော့ အကျဉ်းသားလွှဲပြောင်းရေးဥပဒေကြမ်းကို ရုပ်သိမ်းရေး အစိုးရကို တောင်းဆိုဖို့ ဇွန် ၂၁ ရက်က ဌာနချုပ်ကို ထောင်ချီတဲ့ ဆန္ဒပြသူတွေနဲ့ ဝိုင်းခဲ့ချိန်က ပါဝင်မှုနဲ့ ပြစ်ဒဏ် စီရင်ခံရတာပါ။ အာဏာပိုင်တွေပြဋ္ဌာန်းထားတဲ့ အမိန့်ဟာ နိုင်ငံတကာတရားစီရင်ရေး စံချိန်စံညွှန်းတွေ ဥပဒေတွေနဲ့ မညီညွတ်ဘူးလို့ Amnesty International Hong Kongရဲ့ အစီအစဉ် မန်နေဂျာ မင်လမ်က ပြောပါတယ်။ စီရင်ချက် မချခင်က တရားရုံးထဲမှာ ထောက်ခံသူ အယောက် ၁၀၀ လောက် ငြိမ်ငြိမ်သက်သက် စုရုံးနေခဲ့တာပါ။ လမ်းပေါ်က ဒေသခံတွေကတော့ အခု လွတ်လပ်စွာ ပြောဆိုခွင့် မရှိတော့သလိုဘဲ အခြေအနေ ပိုဆိုးလာတယ်လို့ ပြောကြပါတယ်။ တရုတ်ပြည်မကြီးအစိုးရဟာ ဇွန်လ ၃၀ မှာ နိုင်ငံတော်လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းပြီး လွတ်လပ်ခွင့်တွေကို အမြန်ဖဲ့ထုတ်နေတယ်လို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
3 months Ago

March 29, 2020

ကိုဗစ်-၁၉ သတင်းမှား ဖော်ပြမှုနှင့် တားမြစ်ချက် ချိုးဖောက်ပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး သတင်းမှားတွေ ဖော်ပြတာ၊ တားမြစ်ထားတာတွေကို ချိုးဖောက်မယ်ဆိုရင် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်ပါတယ်။ လက်ရှိဖြစ်နေတဲ့ရောဂါဟာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ (၂၀၁၁)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ(၂၀၁၃)တို့နဲ့ အကျုံးဝင်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ အတည်ပြုချက်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ၊ ကူးစက်ရောဂါဘေးအန္တရာယ်နဲ့ပတ်သက်လို့ ထုတ်ပြန်ထားရှိပြီးဖြစ်တဲ့ ဥပဒေတွေကို ပြည်သူအားလုံးက လိုက်နာကြဖို့လည်း ပန်ကြားထားပါတယ်။ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ (၁၉၉၅) ကို ပြင်ဆင်တဲ့ဥပဒေ (၂၀၁၁) ပုဒ်မ-၁၄ အရ အမိန့်ထုတ်ပြန်ထားတဲ့ ကူးစက်မြန်ရောဂါဖြစ်ပွားနေသူကို နေအိမ်က ထွက်ခွာသွားလာခွင့်၊ ကူးစက်မြန် ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ ဒါမှမဟုတ် မြို့နယ်ထဲမှာ နေသူတွေကို ပြင်ပကို ထွက်ခွာသွားလာခွင့်၊ ပြင်ပကလူတွေကို ကူးစက်မြန်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ ဒါမှဟုတ် မြို့နယ်ထဲကိုဝင်ရောက်ခွင့်၊ မီးရထား၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရေယာဉ် ဒါမှမဟုတ် တခြားယာဉ်တမျိုးမျိုးနဲ့ ရောက်လာသူတွေမှာ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူ ပါလာခဲ့ရင် သူ့ကို ကျန်းမာရေး စစ်ဆေးဖို့အတွက် သီးခြားထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တဲ့အချိန်အထိ ပြင်ပကို ထွက်ခွာသွားလာခွင့်၊ ပွဲလမ်းသဘင်ကျင်းပနေတုန်း ကူးစက်မြန်ရောဂါဖြစ်ပွားလာရင် အများပြည်သူတို့ကို ပွဲလမ်းသဘင်ကျင်းပရာ နေရာကို သွားလာခွင့်နဲ့ ပွဲလမ်းသဘင်ကို ဆက်လက်ကျင်းပခွင့်၊ ကူးစက်မြန်ရောဂါဖြစ်တယ်လို့ သံသယရှိတဲ့ တိရစ္ဆာန် ဒါမှမဟုတ် အဲဒီ တိရစ္ဆာန်ထွက်ပစ္စည်း သယ်ဆောင်လာတဲ့ယာဉ်ကို ဝင်ထွက်သွားလာခွင့် စတဲ့ တားမြစ်ပိတ်ပင်ချက်တွေကို ဖောက်ဖျက်ရင် ထောက်ဒဏ် ၆ လအထိ ဖြစ်ဖြစ်၊ ကျပ် ၅၀၀၀၀ ထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် အရေးယူချမှတ်အပြစ်ပေးခံရမယ်လို့ ဆိုပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ(၂၀၁၃) အရ ဘယ်သူမဆို အများပြည်သူ အထိတ်တလန့် ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ မဟုတ်မမှန် သတင်းလွှင့်တာကို ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ၁ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တရပ်ရပ်ကို ဆောင်ရွက်ဖို့ ဒီဥပဒေအရ တာဝန်ပေးအပ်ခံရတဲ့ ဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်ရဲ့ရ ညွှန်ကြားချက်တရပ်ရပ်ကို လိုက်နာဖို့ တမင်ပျက်ကွက်ခဲ့ရင်လည်း ၁ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ် ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဥပဒေတွေကို သိရှိပြီး လိုက်နာဆောင်ရွက်ဖို့လိုသလို အစိုးရက အချိန်နဲ့တပြေးညီထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး အားလုံး ပူးပေါင်းပါဝင်ကြဖို့လည်း ဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။
11 months Ago
Up