ထောင်ဒဏ် ၁၂ နှစ်

July 1, 2021

ဆားဘီးယားလုံခြုံရေးတပ်အကြီးအကဲဟောင်းနှင့်လက်ထောက်ကို စစ်ရာဇဝတ်မှုဖြင့်ထောင်ဒဏ် ၁၂ နှစ်ချ

ဆာ့ဘ်ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးပြီး ဘဏ္ဍာငွေ ထောက်ပံ့ပေးခဲ့တဲ့ နေရာမှာ ပါဝင်တဲ့ အခန်းကဏ္ဍအတွက် အမျိုးသား ၂ ယောက်ကို ကုလသမဂ္ဂတရားရုံးက ဇွန်လ ၃၀ ရက်မှာ စစ်ရာဇဝတ်မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။

ယူဂိုဆလားဗီးယား နိုင်ငံဟောင်း ပြိုကွဲနေချိန်အတွင်း စစ်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ကျူးလွန်မှုတွေအတွက် ဆားဘီးယား လုံခြုံရေးတပ်ရဲ့ အကြီးအကဲဟောင်း ဂျိုဗီကာ စတာနီဆစ်နဲ့ သူ့လက်ထောက် ဖရန်ကို စိမာတိုဗစ်တို့ကို တရားသူကြီးတွေက ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့တာပါ။

သူတို့ကတော့ အပြစ်ရှိကြောင်း ဝန်မခံဘဲ အယူခံ ဝင်ကောင်းဝင်နိုင်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

 သူတို့ ၂ ယောက်ဟာ ၂၀၀၃ ခုနှစ်မှာ စတင် တရားရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၂၀၁၃ မှာ ကနဦး ကြားနာမှုအတွင်း တရားသေ လွှတ်ပေးတာ ခံခဲ့ရပြီးသားပါ။ ဒါပေမယ့် အမှုကို ပြန်စစ်ဖို့ ၂၀၁၅ မှာ အယူခံ အတရားသူကြီးတွေက အမိန့်ချခဲ့ပါတယ်။ 

တရားလိုပြ ရှေ့နေတွေက ဒီလူတွေ နဲ့ ယူဂိုဆလပ် သမ္မတဟောင်း ဆလိုဗိုဒန် မီလိုစီဗစ်နဲ့ သူ့အစိုးရတို့ကြား တိုက်ခိုက် အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပါတယ်။

၁၉၉၀ ပြည့်လွန် ဘော်လ်ကန် စစ်ပွဲတွေအတွင်း ဘော့စ်နီးယားနဲ့ ခရိုအေးရှားနိုင်ငံတွေမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ဆားဘီးယား လူမျိုး မဟုတ်သူတွေကို တိုင်းရင်းသား မျိုးနွယ်စုလိုက် ရှင်းလင်းတဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့လည်း တရားလိုပြ ရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။

ဒီစစ်ဆင်ရေးအတွင်း လူထောင်ချီ သေဆုံးပြီး လူ ၃သိန်း ၄ သောင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဘော့စ်နီးယား ဆာ့ဘ်လူမျိုး စစ်သားတွေနဲ့ ပြည်သူ့စစ်တွေဟာ ကုလသမဂ္ဂက စရီဘရီနီကာ ဘေးကင်းရေးဇုန်လို့ ကြေညာထားတဲ့နေရာကို ကြီးကြပ်ချိန်မှာ မွတ်စလင် အမျိုးသားနဲ့ ကလေး အယောက် ၈ ထောင်ကျော်ကို သတ်ခဲ့ပါတယ်။

5 months Ago

July 29, 2020

မလေးရှားဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် ၁၂ နှစ်နှင့် ငွေဒဏ် ရင်းဂစ်သန်း ၂၁၀ ပြစ်ဒဏ်ချမှတ်ခံရ 

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို အာဏာအလွဲသုံးစားလုပ်မှုနဲ့ ကွာလာလမ်ပူ တရားရုံးက ထောင်ဒဏ် ၁၂ နှစ်၊ ငွေဒဏ် မလေးရှားရင်းဂစ် သန်းပေါင်း ၂၁၀ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ အရှုပ်တော်ပုံနဲ့ပတ်သက်တဲ့ ပထမဆုံး  တရားစီရင်မှုမှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို တရားသူကြီး မိုဟာမက်ဂါဇာလီက ဇူလိုင်  ၂၈  ရက်မှာ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ပြစ်ဒဏ်ချမှတ်ပြီးနောက်မှာတော့ ဝန်ကြီးချုပ် နာဂျစ်ကသူ့မှာ အပြစ်မရှိကြောင်းနဲ့ အယူခံဝင်လုပ်ငန်းစဉ် ရှိတာမို့   ဒီဆုံးဖြတ်ချက်နဲ့ ပြီးဆုံးသွားတာမဟုတ်ဘူးလို့ ပြောပါတယ်။ နာဂျစ်က အမှုကို အယူခံဝင်ရာမှာ အနိုင်ရဖို့ မျှော်လင့်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ အခုစီရင်ချက်ကို အထက်တရားရုံးကနေ ပြစ်ဒဏ်တစိတ်တပိုင်းကို လည်းကောင်း၊ အားလုံးကို လည်းကောင်း ပယ်ချနိုင်ဖွယ်ရှိပေမယ့် အဲဒီလို ဆုံးဖြတ်ဖို့က နှစ်ချီပြီး ကြာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ 
1 year Ago
Up