ထောင်ဒဏ်ချမှတ်ခံရ

January 18, 2021

ရုရှားအစိုးရ ဝေဖန်သူ နာဗယ်ညီ၏ဖောင်ဒေးရှင်းအဖွဲ့ဝင် ထောင်ဒဏ်ချမှတ်ခံရ

ရုရှားအစိုးရကို ဝေဖန်သူ အလက်ဇီနာဗယ်ညီ တည်ထောင်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင် ပါဗယ်လ်ဇေလန်စကီကို မော်စကို တရားရုံးက ဖေဖော်ဝါရီ ၂၈ ရက်ထိ ထောင်ဒဏ်ကျခံဖို့ ဇန်နဝါရီ ၁၆ ရက်မှာ စီရင်လိုက်ပါတယ်။ အင်တာနက်ပေါ်မှာ အစွန်းရောက်ဝါဒ လှုံ့ဆော်မှုစွဲချက်တွေနဲ့ သူ့ကို ထောင်ချလိုက်တာလို့ တရားရုံးရဲ့ ကြေညာချက်က ဆိုပါတယ်။ ရုရှားကို နာဗယ်လ်ညီ ပြန်လာဖို့ တရက်အလိုမှာ ပါဗယ်လ်ဇေလန်စကီကို ပရက်နန်စကီ ခရိုင်တရားရုံးက ချုပ်နှောင်ထားဖို့ အမိန့်ချခဲ့တာပါ။ နာဗယ်ညီကတော့ သြဂုတ်လမှာ အဆိပ်ခတ်ခံရအပြီး ဂျာမနီမှာ သွားရောက် ကုသခံနေခဲ့ရပါတယ်။ ဇေလန်စကီဟာ တရားဝင်လာဘ်စားမှုလို့ ခေါ်တဲ့ သက်ရောက်မှုကြီးတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပုံနှိပ်ထုတ်ဝေရာမှာ အထူးပြုတဲ့ ဖောင်ဒေးရှင်းအတွက် ကင်မရာသမားလည်း ဖြစ်ပါတယ်။ တချို့ ပစ်မှတ်တွေဟာ အငြင်းပွားစရာ ဖြစ်ပြီး တရားဥပဒေအရ အောင်အောင်မြင်မြင် အရေးယူနိုင်ခဲ့ပါတယ်။ ဇေလန်စကီကို သောကြာနေ့က ဖမ်းခဲ့တယ်။ အခုတော့ ဇေလန်စကီဟာ တရားရုံး စစ်ချက် မထုတ်ခင် အချိန်တလ ထိန်းသိမ်းခံရလိမ့်မယ်လို့ မော်စကို အခြေစိုက် လူ့အခွင့်အရေးအုပ်စု အာဂိုရာရဲ့ အကြီးအကဲက လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
5 months Ago

August 10, 2020

မင်းဘူးတွင် ဒိုးဆက်လောင်းကစားမှုဖြင့် လူ ၄ ဦး ထောင်ဒဏ်ချမှတ်ခံရ

မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်မှာ ဒိုးဆက်လောင်းကစားမှုနဲ့ မြို့နယ်တရားရုံးက ရွာသား ၄ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တဲ့အပေါ်မှာ မကျေနပ်လို့ ခရိုင်တရားရုံးကို အယူခံတက်မယ်လို့ ပြစ်ဒဏ်ချမှတ်ခံရသူရဲ့ မိသားစုက ပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင် ၁၀ ရက်နေ့က မင်းဘူး(စကု)မြို့နယ်၊ သမထီးကျေးရွာက မမျိုးမျိုးခိုင်ပါ ၄ ဦးကို လောင်းကစားဥပဒေပုဒ်မ ၁၆(က) အရ ထောင်ဒဏ် အသီးသီးချမှတ် လိုက်တာဖြစ်ပါတယ်။ ဒီလိုထောင်ဒဏ်ချမှတ်လိုက်တာဟာ မတရားဘူးဆိုပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့   မိသားစုက မကွေးမြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ အစ်မတော်စပ်သူ ဒေါ်လှလှမော်က "စကုနယ်မြေရဲ့စခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ လာရောက်ဖမ်းဆီးစဉ်က ဒိုးဆက်လောင်းကစားနေတာ မဟုတ်ဘဲ အကြော်ထိုင်စားနေကြတာ။ ဒိုးဆက်တွေရှိတဲ့ ဆန်ကောထဲမှာ ငွေ ၆၅၀ ကျပ်သာရှိပြီး ရင်ဘတ်ထဲကငွေတွေ ထုတ်ခိုင်းလို့ ငွေတစ်သောင်း ကျော်ဖြစ်သွားတာပါ” လို့ ပြောပါတယ်။ ဒိုးဆက်လောင်းကစားရင်း ဖမ်းမိတာမဟုတ်ဘူးလို့ ထွက်ဆိုခဲ့ပေမဲ့ မင်းဘူးမြို့နယ်တရားရုံး က အမှုကို ၁ နှစ်လောက် ကြာမြင့်အောင်စစ်ဆေးပြီး အိမ်ရှင်ကို ထောင်ဒဏ် ၁ နှစ်၊ ထိုးသားတွေကို ၆ လ ပြစ်ဒဏ်အသီးသီးချမှတ်တာဟာ တရားမျှတမှုမရှိတာကြောင့် ခရိုင်တရားရုံးကို အယူခံ တက်မယ်လို့ ဆိုပါတယ်။ လောင်းကစားဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ပြစ်ဒဏ်ချမှတ်တာဖြစ်ပြီး ကျေနပ်မှုမရှိပါက မင်းဘူးခရိုင်တရားရုံးကို အယူခံတက်ခွင့်ရှိတယ်လို့ မင်းဘူးမြို့နယ်တရားရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း-မင်းထီး
10 months Ago
More News
Up