ထောင်ဒဏ်

January 10, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ် ထပ်မံချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှု ၃ မှုအတွက် ဒီနေ့ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးမှာ   ထောင်ဒဏ် ၄ နှစ် ထပ်မံမှတ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးအမှုနဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ သဘာဝဘေးစီမံအမှုတို့ကို အခုလို အမိန့်ချလိုက်တာလို့  တရားရုံးနဲ့နီးစပ်တဲ့ အသိုက်အဝိုင်းကနေ စုံစမ်းသိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်း ကနေ တရားမဝင် စကားပြောစက် (၁၀) လုံးနဲ့ Jammer (၁) စုံတို့ကို တွေ့ရှိတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုအတွက် ၁ နှစ် အမိန့်ချမှတ်ခဲ့ပြီး အမှုနှစ်ခုအတွက် ပြစ်ဒဏ်တွေကိုတပေါင်းတည်းကျခံရမယ်လို့ တရား ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အမှုနှစ်ခုကို တပေါင်းတည်းကျခံရမှာဖြစ်တဲ့အတွက် အများဆုံးထောင် ဒဏ် ၂ နှစ်ကိုသာ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးညီညီဆိုသူက စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အမှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့လည်း ဆိုပါတယ်။အမှု သုံးခုလုံးအတွက် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၆ ရက်ကလည်း  ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ သဘာဘေးအမှုတို့အတွက် စစ်ကောင်စီတရားရုံးက  ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေါ့ပေးခဲ့ပါတယ်။

ဒီနေ့အမိန့်ချတဲ့ အမှုသုံးခုအတွက် ထောင်ဒဏ် ၄ နှစ်နဲ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှု ငါးခုအတွက် ကျခံရမယ့် စုစုပေါင်း ထောင်ဒဏ်ဟာ ၆ နှစ်ရှိပြီဖြစ်ပါတယ်။   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စစ်ကောင်စီက အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

2 weeks Ago

January 6, 2022

ဇေယျာတိုင်းမ်သတင်းဌာနဒု-အယ်ဒီတာချုပ် ကိုပြည့်ဖြိုးအောင်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

စစ်ကိုင်းမြို့ အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနရဲ့ ဒုတိယအယ်ဒီတာချုပ်အဖြစ် လုပ်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်ကို စစ်ကိုင်းမြို့နယ် တရားရုံးကနေ ဇန်နဝါရီ ၆ ရက်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ကိုပြည့်ဖြိုးအောင်ဟာ အောက်တိုဘာလ ဒုတိယပတ်ထဲမှာ ဖမ်းဆီးခံခဲ့ရပြီး ရွှေဘိုအကျဉ်းထောင်မှာ ၃ လ နီးပါး ချုပ်နှောင်ခံခဲ့ရပါတယ်။

ကိုပြည့်ဖြိုးအောင်ရဲ့ ရှေ့နေက “အမှုက တချို့သက်သေတွေကို စစ်တယ်။ တချို့သက်သေတွေကို ပယ်တယ်။ စွဲချက်မှာတင် သူတို့ စွပ်စွဲချက်ကို မငြင်းတာကြောင့် ဒီနေ့ ရွှေဘိုထောင်မှာ အမိန့်ချလိုက်တယ်” လို့ ပြောပါတယ်။

ဇေယျာတိုင်းမ်သတင်းဌာနအနေနဲ့ စစ်ကောင်စီကို အာဏာသိမ်းစစ်ကောင်စီအဖြစ်သုံးစွဲတာ၊ NUG/CRPH ရဲ့ သတင်းတွေကို ဖော်ပြတာ၊ ပြည်သူ့ဝန်ထမ်းတွေကို CDM မှာ ပါဝင်ဖို့ တိုက်တွန်းတာ စတဲ့အချက်တွေကြောင့် ဌာနရဲ့ အယ်ဒီတာချုပ်၊ ဒုတိယ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်တို့ကို ၅၀၅ (က) နဲ့ အမှုဖွင့်ထားခံထားရတယ်လို့ သိရပါတယ်။

ဇေယျာတိုင်းမ်သတင်းဌာနရဲ့ ဒုတိယအယ်ဒီတာချုပ်အဖြစ်လုပ်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်ဟာ မန္တလေးအလင်းသတင်းစာ၊ ရတနာပုံနေ့စဉ်၊ Voice Of Myanmar စတဲ့ သတင်းဌာနတွေမှာလည်း သတင်းထောက်အဖြစ် လုပ်ခဲ့ပါတယ်။

2 weeks Ago
More News
Up