မက္ကဆီကိုနိုင်ငံ ဇာတီကတ်ပြည်နယ်က ဆီနီဂူးလက်အကျဉ်းထောင်မှာ ကျင်းပတဲ့ နှစ်သစ်ကူးအထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပွဲတခုမှာ လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။
လုံခြုံရေး အလယ်လတ်တန်းစားရှိတဲ့ ဒီအကျဉ်းထောင်ဟာ မက္ကဆီကိုနိုင်ငံတွင်းမှာရှိတဲ့ အင်အားကြီးမားတဲ့ မူးယစ်ဂိုဏ်း ခြောက်ဂိုဏ်းက အန္တရာယ်ကြီးတဲ့ ရာဇဝတ်ကောင်တွေကို ထိန်းသိမ်းထားရာ နေရာလည်း ဖြစ်ပါတယ်။
ထောင်ထဲမှာရှိတဲ့ ပြိုင်ဘက်ဂိုဏ်းစတားတွေကြား တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ နှစ်သစ်ကူး ဘောလုံးပွဲကို ကျင်းပခဲ့တာဖြစ်ပြီး ပင်နယ်တီဧရိယာထဲမှာ ဆိုးဆိုးရွားရွား ဖြတ်ထုတ်မှုတခုမတိုင်ခင်အထိ အရာအားလုံးဟာ အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။
ဒီပွဲစဉ်ဟာ လာ့စ်ဇီတက်ဇ်ဂိုဏ်းနဲ့ ဂတ်ဖ်ကာတယ်ဂိုဏ်းတို့ရဲ့အဖွဲ့ဝင်တွေ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲဖြစ်ပြီး ဖျက်ထုတ်မှုတခုက အဆင်ပြေနေတဲ့ အရာအားလုံးကို ပျက်စီးသွားစေခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဒီဖျက်ထုတ်မှုကြောင့် ထောင်သားပရိသတ်တွေဟာ ဒေါသထွက်ခဲ့ပြီး သေနတ်တွေ သွားယူကာ ပြိုင်ဘက်ဂိုဏ်းသား ပရိသတ်တွေကို ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ဒီသေနတ်တွေဟာ ထောင်သားတွေလက်ထဲ ဘယ်လို ရောက်နေလဲ ဆိုတာ ဘယ်သူမှ မသိကြသေးဘူးလို့ သိရပါတယ်။
ဒီလိုပစ်ခတ်မှုတွေ ပေါ်ပေါက်လာပြီးတဲ့နောက်မှာ ထောင်ဝန်ထမ်းတွေနဲ့ အပြင်ဘက်တပ်ဖွဲ့ဝင်တွေဟာ ထောင်သားတွေကို သုံးနာရီကြာ လူစုခွဲခဲ့ရပြီး နောက်ဆုံးမှာတော့ ထောင်သား ၁၆ ယောက် သေဆုံးကာ ၅ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေတွင်း သေနတ် ၄ လက်အပြင် ဓားတွေ၊ တူတွေနဲ့ မိုဘိုင်းဖုန်းတွေကိုလည်း ရှာတွေ့ခဲ့ပါတယ်။
ဒီပစ်ခတ်မှုအပြီး နောက်နှစ်ရက်အကြာမှာလည်း ဂတ်ဖ်ကာတယ်ဂိုဏ်းရဲ့ ဂိုဏ်သားတဦးကို သစ္စာဖောက်မှုနဲ့ သူတို့ဂိုဏ်းအဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့မှုကြောင့် ထောင်ဆူမှု နောက်တကြိမ် ထပ်မံ ဖြစ်ပွားခဲ့ရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားရာ ဆီနီဂူးလက်ထောင်မှာ အကျဉ်းသား ၁၀၀၀ နီးပါးရှိပြီး ထောင်အာဏာပိုင်တွေဟာလည်း ထောင်ထဲမှာရှိနေတဲ့ ပြိုင်ဘက်ဂိုဏ်းတွေနဲ့ ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်မှု တွေကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။
1 year Ago