ထောက်ပံ့လှူဒါန်း

A d v e r t i s e m e n t With Us

June 4, 2020

YBS ၄၀ နှင့်တိုက်မိပြီး သေဆုံးခဲ့သည့် မောင်နှမအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့လှူဒါန်း

YBS ၄၀ ဘတ်စ်ကားနဲ့တိုက်မိပြီး သေဆုံးခဲ့တဲ့ မောင်နှမ နှစ်ယောက်အတွက် ကျပ်သိန်း ၄၀ လှူဒါန်းထားတယ်လို့ YRTA  တာဝန်ရှိသူက ပြောပါတယ်။  ဇွန်လ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ကမ်းနားလမ်း၊ သင်္ဘောကျင်း မှတ်တိုင်နားမှ YBS ၄၀နဲ့ အငှားယာဉ်တိုက်မိခဲ့ရာက အငှားယာဉ်ပေါ် ပါလာတဲ့သူ  ၃ ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ မောင်နှမရဲ့ ကျန်ရစ်သူမိသားစုအတွက် ကူညီပံ့ပိုးမှု အလှူငွေ ကျပ်သိန်း ၄၀ ကို ဒီနေ့မနက် YRTA တာဝန်ရှိသူတွေက သေဆုံးသူမိဘတွေထံကို ပေးအပ်ခဲ့တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။  ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ YBS ယာဉ်မောင်းဟာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ယာဉ်မောင်းဖြစ်တာကြောင့် ပြစ်မှုအတွက် YUPT ကုမ္ပဏီကလည်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး နေရပ်လိပ်စာ အတိအကျသိနိုင်အောင်စုံစမ်းနေသလို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  YBS ၄၀ ရဲ့ ယာဉ်လိုင်းကုမ္ပဏီဖြစ်တဲ့ YUPT ကုမ္ပဏီကလည်း သေဆုံးသွားသူတွေအတွက် ငွေကျပ် ၃ သိန်းစီ လှူဒါန်းထောက်ပံ့မှုကို ဇွန်လ ၃ ရက်နေ့က မိသားစုထံကို ပေးအပ်ခဲ့ပါတယ်။ သတင်း- သင်းသင်းဇော်
9 months Ago

June 2, 2020

သဘင်ပညာရှင် ၁၂၀၀၀ကျော်ကို ကိုဗစ်-၁၉ကာလ ဆန် ၈ ပြည်စီ ထောက်ပံ့လှူဒါန်း

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး အသင်းဝင် ၁၂၀၀၀ ကျော်အတွက် ဆန် ၈ ပြည်စီ ထောက်ပံ့ပေးအပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌ  ဖိုးချစ်က ပြောပါတယ်။ “ကျနော်တို့အနေနဲ့တော့ ကာလာမခွဲဘူး သဘင်ပညာရှင်ဖြစ်ရင်ပြီးရော။ အသင်းဝင်ကတ် ဘယ်တုန်းကရှိခဲ့ ရှိခဲ့ ရပြီ။ အသင်းဝင်ကတ် မရှိတောင်မှ သဘင်သည်ဖြစ်တာမှန်ရင် ရပြီးဆိုပြီး ဒီအစီစဉ်လေးကို သီးခြားစီစဉ်ဖြစ်တာ”လို့ ဖိုးချစ်က ပြောပါတယ်။ မြန်မာနိုင်ငံဒေသအနှံ့က သဘင်ပညာရှင် လက်ရှိ စာရင်းရှိထားတဲ့ ၁၂၀၀၀ ကျော်အတွက် “ပိုသူလှူ-လိုသူကူ” ခေါင်းစဉ်နဲ့  ကိုယ်တိုင်ကိုယ်ကျ လိုက်လံပေးအပ်သွားမယ်လို့လည်းဆိုပါတယ်။  ချောက်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးအောင်ဌေးဝင်းက “အခုတဖန်ထပ်ပြီး လှူဒါန်းတာက ဇာတ်သဘင်၊ အငြိမ့်၊ ဆိုင်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ အနားယူ နေကြသူတွေ၊ လုပ်ကိုင်နေပေမဲ့လည်း စာချုပ်ဝင်ထဲ မပါတဲ့လူတွေ၊ သဘင်စာရင်းဝင်လက်ကျန်ပေါ့ ဝေငှခြင်းမရှိသေးတဲ့ သူတွေကို ထပ်ပြီးဝေတာပါ၊ ချောက်မြို့နယ်အနေနဲ့က ၇၂ ဦး ကျန်ရှိတာ ဒီနေ့လာရောက်လှူတာ”လို့ပြောပါတယ်။ လှူဒါန်းပေးအပ်မှုကို မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ်၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး လူမှုကူညီစောက့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ တင်မောင်ဆန်းမင်းဝင်း၊ ဒုဥက္ကဋ္ဌ ဟန်ဇာမိုးဝင်းတို့ ပါဝင်တဲ့ အဖွဲ့က လာရောက်ပေးအပ်လှူဒါန်းခဲ့တာပါ။ ပြီးခဲ့တဲ့လကလည်း သဘင်ပညာရှင်အစည်းအရုံး(ဗဟို)ကနေ အနုပညာရှင် စည်းကမ်းချက်သုံးချက်နဲ့ ညီညွတ်သူ ၂၂၀၀၀ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နဲ့  ပဲတို့ကိုလည်း တစ်ကြိမ်လှူဒါန်းခဲ့ပါတယ်။ သတင်း-ကိုလင်း(ချောက်)
9 months Ago
Up