ထောက်ခံအားပေး

September 2, 2020

ရဲတပ်ဖွဲ့ကို ထောက်ခံအားပေးရန် ခနိုးရှားမြို့သို့ သမ္မတထရမ့် သွားရောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အကြမ်းဖက် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တဲ့ ဝစ္စကွန်ဆင်ပြည်နယ် ခနိုးရှားမြို့ကို  စက်တင်ဘာ ၁ ရက်ကသွားရောက်ပါတယ်။ သမ္မတထရမ့် ဒီလိုသွားရောက်တာက လူဖြူရဲအရာရှိ ပစ်ခတ်လို့ အောက်ပိုင်း အကြောသေသွားတဲ့ လူမည်း ဘလိတ်ရဲ့ မိသားစုကို နှစ်သိမ့်ဖို့မဟုတ်ဘဲ မငြိမ်သက်မှုတွေ ဖြစ်နေတဲ့ ခနိုးရှားမြို့က ရဲတပ်ဖွဲ့ကို ထောက်ခံအားပေးဖို့ ဖြစ်ပါတယ်။ သမ္မတထရမ့်ဟာ သေနတ်ပစ်ခတ်ခံရတဲ့ ဘလိတ်နဲ့ သူ့မိသားစုထံ မသွားရောက်ပေမယ့်  ဘလိတ်မိခင်ရဲ့ သင်းအုပ်ဆရာဆီ သွားဖို့ စီစဉ်ထားပါတယ်။ အဲဒီအစား ခနိုးရှားမြို့ကို ပြန်တည်ဆောက်ဖို့နဲ့  ဝစ္စကွန်ဆင်ပြည်နယ်ကို ဖက်ဒရယ် ရန်ပုံငွေ ပိုပေးအပ်ဖို့ ထရမ့်က ကတိပေးခဲ့ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲတုန်းက ထရမ့်ဟာ ဝစ္စကွန်ဆင်ပြည်နယ်မှာ ပွတ်ကာသီကာ အနိုင်ရခဲ့ပြီး လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့အတွက် အရင်အောင်မြင်မှုကို  ဆက်ထိန်းထားဖို့ သူ့အနေနဲ့ သိပ်ကိုလိုအပ်ပါတယ်။ ခနိုးရှားမြို့ကို သမ္မတထရမ့် လာရောက်ချိန်မှာပဲ ဆန္ဒပြသူတွေ စုဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။ သူတို့က ဆန္ဒပြပွဲတွေကို အကြမ်းဖက်သူတွေ ဝင်စီးပြီး ပြည်သူပိုင်ပစ္စည်း ဖျက်လိုဖျက်ဆီးလုပ်တဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုကြပါတယ်။  တစ်ဖက်ကလည်း သူတို့က ရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အမေရိကန်နိုင်ငံအနေနဲ့ ရဲတပ်ဖွဲ့ အလေ့အထတွေကို အစအဆုံး ပြန်စဉ်းစားဖို့လိုအပ်နေပြီလို့ ပြောပါတယ်။
1 year Ago
Up