ထောက်ခံသူများ

November 17, 2020

ပါကစ္စတန်မြို့တော်တွင် အစ္စလာမ်မစ်ပါတီ ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ပါကစ္စတန်နိုင်ငံမြို့တော်ရဲ့ အဓိကလမ်းပေါ်မှာ အစွန်းရောက် အစ္စလာမ္မစ်ပါတီကို ထောက်ခံသူ ထောင်ချီဟာ ရဲတွေနဲ့ နိုဝင်ဘာ ၁၆ ရက်က ထိပ်တိုက်တွေ့ခဲ့လို့ လူတော်များများ ဒဏ်ရာရခဲ့ပါတယ်။ တမန်တော် မိုဟာမက်ရဲ့ ကာတွန်းရုပ်ပုံကို ပြင်သစ်နိုင်ငံမှာ လောလောလတ်လတ် သုံးခဲ့လို့ ဒီလုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြရင်း ခုလိုဖြစ်တာပါ။ တီးရစ်ကီလာဘိတ်ခ် ပါကစ္စတန်ပါတီ (TLP)က ဆန္ဒပြသူတွေဟာ မြင့်မြတ်သူတွေကို စော်ကားမှုအတွက် ပြစ်တင်ကြောင်း ကြွေးကြော် ချီတက်ခဲ့ကြပြီး ပါကစ္စတန် အစိုးရက ပြင်သစ်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့၊ သံအမတ်တွေကို နှင်ထုတ်ဖို့ကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ ရဲတွေနဲ့ ပါတီအရာရှိတွေက ပြောပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်ကို အစိုးရက မတုံ့ပြန်သေးပါဘူး။ ဆန္ဒပြသူတချို့က စော်ကားသူတွေကို အပြစ်ပေးဖို့ တခုတည်းသော နည်းလမ်းဟာ ခေါင်းဖြတ်ဖို့ပဲလို့ ကြွေးကြော် ခဲ့ကြပါတယ်။ ခေါင်းဖြတ်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ပြင်သစ်နိုင်ငံက ထားတဲ့ တန်ဖိုးကို တိုက်ခိုက်တာပဲလို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။ “ရဲတွေက ဆန္ဒပြသူတွေကို ပိတ်ဆို့ ဟန့်တားခဲ့ကြတယ်။ ဆန္ဒပြသူတွေက ရဲတွေကို အုတ်နီခဲတွေ၊ ကျောက်တုံးတွေ တုတ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ ဆန္ဒပြသူ ၂,၀၀၀ လောက်က မြို့တော် အစ္စလာမ်မာဘတ်ရဲ့ အဓိက ဝင်ပေါက်မှာ သပိတ်စခန်း ဖွင့်ထားပြီး ထွက်သွားဖို့ ငြင်းဆန်ကြတယ်။ ရဲအရာရှိ အများအပြား ဒဏ်ရာရတယ်” လို့ ရဲအရာရှိတယောက်က ပြောပါတယ်။ ရုန်းရင်းဆန်ခတ်မှုအတွင်း ဆန္ဒပြသူတွေလည်း ဒဏ်ရာရတယ်လို့ TLP ပါတီ ဒုဥက္ကဋ္ဌက ပြောပါတယ်။ ဆန္ဒပြသူတွေ ပြန်အုပ်စုဖွဲ့တာကို ဟန့်တားဖို့ မြို့အုပ်ချုပ်ရေးအဖွဲ့က မြို့တွင်း အဓိကလမ်းအများစုကို မနေ့ကပိတ်ထားပြီး လက်ကိုင်ဖုန်းကွန်ရက်ကိုလည်း ပိတ်ထားပါတယ်။
11 months Ago

November 16, 2020

ဝါရှင်တန်ဒီစီ၌ သမ္မတဒေါ်နယ်ထရမ့် ထောက်ခံသူများနှင့် တန်ပြန်ဆန္ဒပြသူများ ရန်ပွဲဖြစ် 

အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန်ဒီစီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံဆန္ဒပြသူတွေနဲ့ တန်ပြန်ဆန္ဒပြသူတွေကြား နိုဝင်ဘာ ၁၄ မှာ ရန်ပွဲဖြစ်ခဲ့လို့ လူ ၁ ယောက် ဓားထိုးခံရပြီး လူ ၁၀ ယောက်ထက်မနည်း အဖမ်းခံရပါတယ်။ ဝါရှင်တန်မြို့လယ်ကောင်တလျှောက် ချီတက်ပွဲမှာ ထရမ့်ကို ထောက်ခံသူ ထောင်သောင်းချီ ပါဝင်ချီတက်ခဲ့ပြီး ထရမ့်ရဲ့ လေသံအတိုင်း ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်လို့ သံယောင်လိုက် ကြွေးကြော်ကြပါတယ်။ ဓားထိုးခံရတဲ့သူကို ကုသရေးဌာနဆီ ပို့ထားပြီးပြီလို့ မီးသတ်နဲ့ အရေးပေါ် ဆေးဘက်ဌာန ပြောခွင့်ရက ပြောပါတယ်။ ထရမ့်ကို ထောက်ခံသူတွေထဲက တချို့က နံပါတ်တုတ်တွေ ကိုင်လာပြီး တန်ပြန် ဆန္ဒပြသူတွေနဲ့ ည ၈ နာရီလောက်မှာ ထိပ်တိုက်တွေ့ ရန်ဖြစ်ခဲ့တာလို့ သဝါရှင်တန်ပို့စ် သတင်းစာက ရေးပါတယ်။ တိုက်ခိုက်မှု ၂ မှု၊ အရာရှိကို တိုက်ခိုက်မှု ၁ မှုနဲ့ လက်နက်ကိုင် စည်းမျဉ်းချိုးဖောက်မှု ၄ မှု အပါအဝင် အမှုတွေနဲ့ လူ ၁၀ ယောက်ကို မွန်းလွဲပိုင်းမှာ ရဲဌာနက ဖမ်းထားတယ်လို့ မြို့ရဲ့ ရဲဌာန ပြောခွင့်ရက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
11 months Ago
More News
Up