ထောက်ခံသည့်

November 19, 2019

ပြည်လုံးကျွတ်ဆန္ဒပြပွဲ ဆင်နွှဲရန် ထောက်ခံသည့် အမေရိကန်ကို အီရန် ဝေဖန်  

အီရန်နိုင်ငံမှာ ပြည်လုံးကျွတ်ဆန္ဒပြပွဲတွေ ဆင်နွှဲဖို့ ထောက်ခံတယ်ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုရဲ့ စကားကို အီရန်အစိုးရဟာ ကန့်ကွက် တုံ့ပြန်လိုက်ပါတယ်။ ပွန်ပေအိုရဲ့ပြောစကားဟာ အီရန်ရဲ့ လုံခြုံရေးကို လှိုက်စားဖို့ အမေရိကန်ရဲ့ ရည်ရွယ်ချက်ကို သက်သေပြနေတယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ အလီ လာရီဂျာနီက လွှတ်တော် အစည်းအဝေးအတွင်း ပြောလိုက်တာပါ။ အမေရိကန်ဟာ မှန်ကန်တဲ့ဆန္ဒပြသူတွေထက်စာရင် တရားမမျှတတဲ့ အဓိကရုဏ်းသမားတွေကို ထောက်ခံကြောင်း ဗြောင်ကျကျ ဖော်ပြလိုက်တာပဲလို့လည်း သူက ပြောပါတယ်။ အီရန်နိုင်ငံအတွင်း လောင်စာဆီ ဈေးနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်တဲ့အပြင် ဓာတ်ဆီကို ဝေပုံကျခွဲတမ်းနဲ့ ပေးမယ်လို့ တရားဝင် ကြေညာအပြီးမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။ နိုဝင်ဘာ ၁၇ ရက်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ အီရန်သမ္မတ ဟတ်ဆန် ရောင်ဟာနီကလည်း ငြိမ်းချမ်းတဲ့ ဆန္ဒပြသူတွေနဲ့ အကြမ်းဖက် ဆန္ဒပြသူတွေကြားက မတူခြားနားမှုတွေကို ဖိအားပေး ပြောဆိုပါတယ်။  “တနိုင်ငံလုံးမှာ ဆန္ဒပြဖို့ အခွင့်အရေးရှိတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်း ဘယ်လို မလုံခြုံမှုကိုမှ ကျနော်တို့က ခွင့်မပြုသင့်ဘူး”လို့ ရောင်ဟာနီက ပြောပါတယ်။ ရေနံထုတ်လုပ်တဲ့ အီရန်နိုင်ငံမှာ လူအများအပြားက ဓာတ်ဆီဈေးချိုတာဟာ နိုင်ငံလုံးဆိုင်ရာ ရပိုင်ခွင့်လို့ ရှုမြင်ထားကြတာပါ။ လောင်စာဆီဈေးနှုန်း မြှင့်တင်မှုဟာ လူနေမှုစရိတ် ကျပ်တည်းမယ့် အလားအလာဆိုတဲ့ စိုးရိမ်စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ လိုအပ်တဲ့ မိသားစုတွေကို ကူညီဖို့ ဈေးမြှင့်တဲ့ဆီက ပြန်ရငွေတွေကို ပိုတိုးသုံးသွားမယ်လို့ အီရန် အာဏာပိုင်တွေက အာမခံထားပါတယ်။ ရေနံဈေး မြှင့်တင်လို့ တနှစ်ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅ ဘီလီယံတိုးရဖို့ မျှော်လင့်ထားတယ်။ ဒါကြောင့် ဝင်ငွေနိမ့် အီရန်ပြည်သူ သန်း ၆၀ ဒါမှမဟုတ် မိသားစု ၁၈ သန်းအတွက် ထောက်ပံ့နိုင်မယ်လို့ အစိုးရက ပြောထားပါတယ်။
2 years Ago
Up