ထောက်ခံ

October 8, 2021

CRPH နှင့် NUG ကို ထောက်ခံအားပေးရန် ဥရောပပါလီမန် ဆုံးဖြတ်

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ NUG ကို ထောက်ခံအားပေးဖို့ ဥရောပ ပါလီမန်က အောက်တိုဘာ ၇ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။

ဥရောပပါလီမန်က တရားဝင် အရပ်သားအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို အားပေးထောက်ခံဖို့ ဆုံးဖြတ်ချက်ကို ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင် ၆၈၀ ရှိတဲ့အနက် ထောက်ခံမဲ  ၆၄၇၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၃၁ မဲတို့နဲ့ တခဲနက် ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တကွ ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေး ခေါင်းဆောင်များနဲ့တကွ အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့၊ တရားဝင် အစိုးရတာဝန်ရှိသူများထံ အာဏာပြန်လွှဲပေးပြီး ပြဿနာကို ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းရေးဆီ ဦးတည်ဖို့ တောင်းဆိုလိုက်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာ NUG အစိုးရကိုထောက်ခံရေး ပြင်သစ်လွှတ်တော်က ဆုံးဖြတ်ခဲ့သလို NUG နဲ့ ဆွေးနွေးဖို့ကို မလေးရှားနိုင်ငံက ပြင်ဆင်နေကြောင်းလည်း ထုတ်ဖော်ပြောဆိုလာပါတယ်။

3 months Ago

May 27, 2021

CRPH ကို နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ (IPU)က အခိုင်အမာထောက်ခံ

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို  ခိုင်ခိုင်မာမာ ရပ်တည်ထောက်ခံပေးနေတဲ့ နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ (IPU)ကို ကျေးဇူးတင်တဲ့ အကြောင်း  CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်ပါတယ်။ 

မေလ ၂၅ ရက်က အွန်လိုင်းစနစ်နဲ့ ကျင်းပခဲ့တဲ့ ၁၄၂ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံကို CRPH ဥက္ကဋ္ဌ  ဦးအောင်ကြည်ညွန့်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအခြေအနေဆိုင်ရာ သက်သေခံချက်ကို ပြောကြားခဲ့ပါတယ်။

ဒီလို ပြောကြားရာမှာ CRPH ကို ခိုင်ခိုင်မာမာရပ်တည်ထောက်ခံပေးနေကြတဲ့ နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ (IPU) ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များကော်မတီတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး ထုတ်ဖော်တောင်းဆိုပေးခဲ့ကြတဲ့အပေါ်မှာလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ အကာအကွယ်မဲ့နေတဲ့ မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ တခြားသော အရေးယူဆောင်ရွက်မှုတွေအတွက်လည်းထပ်လောင်းကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာပြည်သူတွေကနေ ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ စစ်အုပ်စုရဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေကြောင့် အကွဲကွဲအပြားပြား ရှိနေကြပေမယ့် ရောက်ရာနေရာကနေ ပြည်သူတွေကို ကိုယ်စားပြုပြီး သူတို့တာဝန်တွေကို ထမ်းဆောင်နေကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်ဖို့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အဲ့ဒီလို ဥပဒေကို ကျော်လွန်နေတဲ့လုပ်ဆောင်ချက်တွေက ပြည်သူလူထု လိုလားတောင့်တနေတဲ့ ပြည်သူ့အစိုးရစစ်စစ်ကိုရရှိဖို့ ဆန္ဒကိုတော့ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ကြောင်းလည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စည်းမျဉ်းတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို အသိအမှတ်ပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံပေးကြဖို့ နိုင်ငံတကာပါလီမန်အမတ်တွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပါလီမန်တွေမှာ တောင်းဆိုပေးစေလိုကြောင်းလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အန်အယ်လ်ဒီလွှတ်တော်အမတ် အများအပြားကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက် တရားစွဲတာတွေလည်း ပြုလုပ်နေပါတယ်။ 

8 months Ago
More News
Up