ထောက်ကြန့်ရွာသား

August 10, 2021

ကလေးမြို့က ထောက်ကြန့်ရွာသား ၂ ဦးကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာက လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်က ဒီနေ့ ဩဂုတ် ၁၀ ရက်နေ့ နေ့လယ် ၂ နာရီလောက်က ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

ထောက်ကြန့်ရွာအတွင်း လက်နက် လာရှာတယ်ဆိုကာ မောင်ဖြူရဲ့အမည်ကို မေးမြန်းရှာဖွေခဲ့တာဖြစ်ပြီး မတွေ့တာ‌ကြောင့် ယောက္ခမနဲ့ ယောက္ခထီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“ကျမတို့ရွာကို နေ့လယ် ၂ နာရီလောက်က စစ်ကား ၃ စီး၊ ရဲကား တစီးနဲ့ ဝင်လာတယ်။ သူတို့က လာရှာတာ နာမည်အတိအကျနဲ့ လာရှာတာ။ ဒီအိမ်မှာ လက်နက်ရှိတယ်။ မောင်ဖြူ ရှိလားဆိုပြီး လာရှာတာ။ သူတို့ လိုချင်တဲ့သူမရှိတော့ မောင်ဖြူရဲ့ ယောက္ခမနဲ့ ယောက္ခထီး ၂ ယောက်လုံးကို ဖမ်းသွားတယ်။”

ကလေးမြို့ ထောက်ကြန့်ရွာက မောင်ဖြူကို လာရှာတဲ့ စစ်ကောင်စီတပ်အင်အား ၃၀ လောက်ရှိကာ တစ်ရွာလုံးက အိမ်ထောင်စုဇယားတွေကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကလေးမြို့နယ်အတွင်း လက်ရှိ စစ်ကောင်စီတပ်အင်အား ၂၀၀ လောက် အင်အားဖြည့်တင်းထားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိရပါတယ်။

4 months Ago
Up