ထူးမခြားနား ပြင်ဆင်ထားတဲ့ ရုပ်/သံ ဥပဒေကြမ်း

February 1, 2018

ထူးမခြားနား ပြင်ဆင်ထားတဲ့ ရုပ်/သံ ဥပဒေကြမ်း

အစိုးရသစ်လက်ထက်မှာ အရင်က ပြဋ္ဌာန်းဥပဒေ အတော်များများကို ပြင်ဆင်ချက်အဖြစ် ထပ်မံပြဋ္ဌာန်းတာတွေကို မကြာခဏ တွေ့ခဲ့ရတယ်။ “ပြင်ဆင်ချက် ဘာလို့လုပ်ရသလဲ” မပြည့်စုံတာတွေကို ထပ်ဖြည့်ဖို့ ခေတ်နဲ့လျော်ညီအောင် ပြုပြင်ဖို့၊ ကြုံတွေ့ရတဲ့ မညီညွတ်မှုတွေထဲမှာ အရင်က ပြဋ္ဌာန်းခဲ့တာတွေရဲ့ အားနည်းချက်ကို ပြောင်းလဲဖို့၊ မတူညီတဲ့ ဝန်ကြီးဌာန ပြောင်းလဲမှုအလိုက် ပြင်ဆင်ပြဋ္ဌာန်းဖို့နဲ့ လူထုဆန္ဒအရ မျှတမှုကို ဖော်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြဋ္ဌာန်းဥပဒေကို ပြန်လည် ပြင်ဆင်ချက် လုပ်ဆောင်ကြရတာပါ။ မြန်မာနိုင်ငံလို စနစ်တခုကနေ စနစ်တခုကို ပြောင်းလဲနေတဲ့အချိန်မှာ ဥပဒေပြင်ဆင်ချက်ဟာ လိုအပ်မှာ အသေအချာပါ။ ဒါပေမယ့် ဒီလို ပြင်ဆင်ချက်တွေဟာ ဝေါဟာရနဲ့ ဝန်ကြီးဌာနလောက်သာမက ဥပဒေရဲ့ အနှစ်သာရကိုပါ ပြင်ဆင် ပြောင်းလဲသင့်တယ်လို့ ယူဆကြသူတွေ၊ ဆွေးနွေးကြသူတွေကလည်း ရှိနေ၊ ထောက်ပြနေကြပါတယ်။ အဲဒီလို ထောက်ပြနေချိန်မှာပဲ မကြာမီက ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်ဆင်ချက် ဥပဒေကြမ်းအကြောင်း မပြောမီ မြန်မာနိုင်ငံရဲ့ ရုပ်/သံပေါ်ပေါက်ရာ သမိုင်းစဉ်ကို ပြန်ကြည့်ဖို့လိုပါမယ်။ မြန်မာနိုင်ငံမှာ အသံလွှင့်မီဒီယာကို ၁၉၄၆ ဖေဖော်ဝါရီလမှာ စတင်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ရုပ်သံမီဒီယာက ၁၉၇၉ မှာ စမ်းသပ်ထုတ်လွှင့်ခဲ့တာပါ။ စတင်စဉ်ကတော့ ရန်ကုန်တဝိုက်ပဲ ထုတ်လွှင့်ခဲ့တာ။ ရုံးတွေ၊ တက္ကသိုလ်၊ ကျောင်းဆောင်တွေမှာတော့ အစိုးရပံ့ပိုးမှုနဲ့ ကြည့်ရှုလို့ရနေပါပြီ။ ၁၉၈၀ မှာတော့ ပြည်သူတွေထံ စတင်ထုတ်လွှင့် ပြသခဲ့ပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ရင် နောက်ကျခဲ့ပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ မြန်မာထက် စောစွာ ပေါ်ခဲ့ပါတယ်။ ၁၉၈၅ မှာတော့ ရုပ်မြင်သံကြားစက်တွေ ရောက်ရှိလာခြင်းနဲ့အတူ ဗွီဒီယိုစက်တွေလည်း ရောက်ရှိလာခဲ့တယ်။ ဒါကြောင့် ၁၉၈၅ ခုနှစ်ထဲမှာပဲ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေကို စတင် ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ထဲမှာတော့ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေအသစ် ထပ်မံပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေပြဋ္ဌာန်းခြင်းနဲ့အတူ ၈၅ ခုနှစ် ဥပဒေကို ရုပ်သိမ်းလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ဗွီဒီယိုနဲ့ ရုပ်မြင်သံကြားကို သီးခြားခွဲထုတ်ကာ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းကို ပူးပေါင်းပြီး ၂၀၁၅ ခုနှစ်မှာ ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတော့တယ်။ ဥပဒေထွက်ပြီး ၅ လ အကြာမှာတော့ ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ တကယ်တော့ ဥပဒေ မထွက်မီကတည်းက မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် တီဗွီလိုင်းပေါင်း ၆၀ ခန့်လောက် ရှိနေပါပြီ။ အဲဒီထဲက ၄၅ လိုင်းက ချပေးသွားပြီးပါပြီ။ ဘယ်သူတွေကို ဘယ်လိုပုံစံနဲ့ လိုင်းချပေးထားသလဲဆိုတာ ဘယ်သူမှ မသိခဲ့ရပါဘူး။ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူးလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အချို့သော သတင်းရပ်ကွက်များကတော့ မီဒီယာ လက်ဝါးကြီးအုပ်မှုကို ကျူးလွန်ရာရောက်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်ကို ဘယ်လို လက်ဝါးကြီးအုပ်ပြီး ဘယ်လို ဈေးကွက်လက်ဦးမှု ယူခဲ့သလဲ။ အချိန်ဆွဲထားခြင်းကြောင့် မမျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်စေတယ်ဆိုတာ ပြန်လည်ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။ ရုပ်မြင်သံကြား ထုတ်လွှင့်ရာမှာ အင်နာလော့ (Analogue) နဲ့ (Digital) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ မြန်မာနိုင်ငံမှာ အင်နာလော့နဲ့ ကြည့်ရှုသူ သန်း ၃၀ လောက် ရှိပါတယ်။ လက်ရှိ ဒီဈေးကွက်ကို လက်ဦးမှုရထားတာက အစိုးရဟောင်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေပါ။ သူတို့ ဈေးကွက်ဦးပြီးမှ ကျန်တဲ့ ရုပ်/သံ မီဒီယာတွေက ဝင်လာရမှာပါ။ အရင်လူဟောင်း ခရိုနီတွေ ဈေးကွက်ခိုင်ပြီး နောက်မှ ဝင်လာသူတွေဟာ မပြိုင်ဆိုင်ရခင်ကတည်းက ရှုံးနေတဲ့အတွက် အားလုံးကတော့ ရုပ်/သံဥပဒေပြောင်းရင် ဒီအချက်တွေကိုပါ ပြုပြင်ကြလိမ့်မယ်လို့ မျှော်လင့်စောင့်စားခဲ့ကြပါတယ်။ ဒါပေမယ့် ရုပ်/သံဥပဒေ ပြင်ဆင်ချက် ထွက်ပေါ်လာတော့ မျှော်လင့်သလို မဖြစ်ခဲ့ပါဘူး။ ၂၀၁၇ ခု နိုဝင်ဘာ ၁၃ နေ့မှာတော့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာကို ပြင်ဆင်တဲ့ ဥပဒေကြမ်း မူကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီပြင်ဆင်ချက်မှာတော့ ပုဒ်မ ၁၄ ခုနဲ့ အပိုဒ်ခွဲ၊ ပုဒ်မခွဲပေါင်း ၁၈ ခု ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောကြတာက “အများကြီး ပြင်ထားတာတော့ မတွေ့ရဘူး။ ကျနော်ပြောချင်တာက တနှစ်ကျော်လောက် အချိန်ယူထားပေမယ့် သိပ်ပြီးထူးခြားတဲ့ အပြောင်းအလဲ မမြင်ရဘူး။ ဝန်ကြီးဌာန ကွပ်ကဲတာ၊ အခေါ်အဝေါ် ပြောင်းတာလောက်က တဝက်လောက် ထိတွေ့တယ်”လို့ ဦးမြင့်ကျော်က သုံးသပ်ခဲ့ပါတယ်။ ဒါကြောင့် (DVB Law Lab) ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ အစီအစဉ်မှာ “ရုပ်/သံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီအစီအစဉ်မှာ တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “နည်းပဒေရှိမှ ဥပဒေက အသက်ဝင်တာ။ ပြင်ဆင်ချက်မှာ မယ်မယ်ရရ ဘာမှမတွေ့ရဘူး။ ရုပ်သံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာရော ကောင်စီမှာရော အစိုးရအဖွဲ့ ပါဝင်မှု များလွန်းပြီး လုပ်ပိုင်ခွင့်တွေ ရှုပ်ထွေးနေတယ်။ ရုပ်သံလုပ်ငန်းရှင်တွေနဲ့ ပတ်သက်ပြီးလည်း ဝေဝါးနေတာ တွေ့ရတယ်” လို့ ဆွေးနွေးသွားပါတယ်။ သတင်းပညာ သိပ္ပံသင်တန်းညွှန်ကြားရေးမှူး ဦးစိန်ဝင်းကလည်း “မူအရ ယှဉ်ပြိုင်နိုင်ရေးကို အခြေခံရမှာ။ လက်ဝါးကြီးအုပ်မှု ပပျောက်ဖို့ လုပ်ရာမှာ အစွန်းရောက်သွားတယ်။ တချို့အရာတွေမှာ အစိုးရက ခေါင်းခံစရာမလိုဘဲ ခေါင်းခံနေတယ်” လို့ ဆွေးနွေးခဲ့တယ်။ နှစ်ဦးစလုံး တူညီတဲ့ ဆွေးနွေးချက်ကတော့ ကောင်စီကို သီးခြား လွတ်လပ်ခွင့်ပေးဖို့၊ ပုဂ္ဂလိကရုပ်သံတွေအတွက် ဈေးကွက်မျှတအောင်လုပ်ဖို့ လိုနေတဲ့အတွက် ဒီအချက်တွေကို ပြင်ဆင်ချက်မှာ ထည့်သွင်းပေးသင့်ကြောင်း တင်ပြဆွေးနွေးသွားခဲ့ပါတယ်။ ဆွေးနွေးတင်ဆက်မှု ပြီးသွားပေမယ့် ပြင်ဆင်ချက်မှာ ဆွေးနွေးချက်တွေကို အလေးအနက်ထား ထည့်သွင်းစဉ်းစားပါ့မလားလို့ သံသယတွေကလည်း ရှိနေခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေ၊ မမျှတတဲ့ ယှဉ်ပြိုင်မှုတွေကိုရော အဂတိကင်းကင်းနဲ့ လုပ်ဆောင်ပြဋ္ဌာန်းနိုင်ပါ့မလား ဆိုတာကို စဉ်းစားရင်း ယနေ့အချိန်ထိ ခွင့်ပြုချက်ရထားတဲ့ ရုပ်သံတွေ ထုတ်လွှင့်မှု ကြန့်ကြာနေတာကရော ဈေးကွက်လက်ဦးမှု ရထားသူတွေကို ပိုတဲ့ အခွင့်အရေးပေးပြီး ပန်းဝင်အောင် အထောက်အပံ့ ပြုနေသလားလို့ သုံးသပ်သူတွေကလည်း ရှိနေကြောင်းပါခင်ဗျား။     ။ ထွန်းဇော်ဌေး
3 years Ago
Up