အနီရောင်အဆင်းရှိတဲ့ ထိတ်လန့်ဖွယ် တိမ်တိုက်ကြီးတခု ဖြစ်ပေါ်ခဲ့တာဟာ တော်နေဒိုးမုန်တိုင်းတခုရဲ့ အစလား၊ ဒါမှမဟုတ် ဥက္ကာခဲ အပိုင်းအစတခုလား ဆိုတာကို ဒေသခံတွေ ဝေခွဲမရနိုင်အောင် ဖြစ်နေပါတယ်။
ဒီအဖြစ်အပျက်ဟာ ဘရာဇီးနိုင်ငံ တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ တီရှီရာဒီဖရီတာမြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် ညနေပိုင်းက ပေါ်ပေါက်လာခဲ့ပြီး အချိန် ၅ မိနစ်လောက် ကြာချိန်မှာတော့ ပျက်ပြယ်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ကမ္ဘာပျက်တော့မယ့်နေ့ ရောက်လာတော့မလားဆိုပြီး ထိတ်လန့်နေခဲ့ကြတာပါ။
အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဒီအဖြစ်အပျက်ရုပ်သံ ဗွီဒီယိုဖိုင်ကို မျှဝေခဲ့တဲ့ ဂျိုအိုပေါ်လိုမက်ဂဲဟေးစ်ကတော့ သူဟာ ဘဝတလျှောက်လုံး ဒီမြို့မှာပဲ နေထိုင်ခဲ့တာဖြစ်ပြီး ခုလိုမျိုး တခါမှ မကြုံဖူးဘူးလို့ ပြောပါတယ်။
“ဘယ်သူမှလည်း ခုလိုမျိုး တွေ့ဖူးကြမယ် မထင်ပါဘူး။”
နောက်ထပ် အင်စတာဂရမ် အသုံးပြုသူတဦးကတော့ ဒါဟာ ကောင်းကင်ဘုံက ထွက်ပေါ်လာတာဖြစ်တယ်လို့ မှတ်ချက်ရေးခဲ့တာပါ။
လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ ဒါဟာ ကမ္ဘာပျက်တော့မယ့် နိမိတ်လက္ခဏာတွေ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။
မိုးလေဝသပညာရှင်တွေကတော့ ဒါဟာ နွေဦးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်ဖြစ်စဉ်တခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ညနေပိုင်း နေဝင်ရီတရောအချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ တိမ်တိုက်ထုကြီးရဲ့ အရောင်ဟာ အဲဒီလို အနီရောင်ဖြစ်နေခဲ့တာဖြစ်ပြီး မြို့ပြဧရိယာတဝိုက်မှာ နေထိုင်သူတွေအနေနဲ့ ရှားတောင့်ရှားပါးမြင်ကွင်း ဖြစ်နေခဲ့တာပါ။
5 years Ago