အိန္ဒိယနိုင်ငံမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးဟာ သူ့ရဲ့မျက်လုံး၊ နား၊ ပါးစပ်တွေကနေ ထူးဆန်းစွာ သွေးတွေကျဆင်းနေတဲ့ ဝေဒနာကို ခံစားနေရပါတယ်။
အာဟန်နာ အက်ဖ်ဇဲလ် အမည်ရတဲ့ အဲဒီကလေးငယ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက နှာခေါင်းထဲက သွေးတွေစီးကျတဲ့ရောဂါ စတင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ နှာခေါင်းကတင်မကဘဲ မျက်လုံး၊ ပါးစပ်တွေထဲကပါ သွေးတွေ နေ့စဉ် စီးကျနေခဲ့တာပါ။
ဒါပေမယ့် သူ့ခန္ဓာကိုယ်မှာ ဘယ်လိုထိခိုက်ဒဏ်ရာမှ မရှိဘဲ ခေါင်းမူးပျို့အန်ကာ မောပန်းနွမ်းနယ်တဲ့ ဝေဒနာတွေ ခံစားနေရတာ ဖြစ်ပါတယ်။
ကွဲကွာနေကြတဲ့ အာဟန်နာ အက်ဖ်ဇဲလ်ရဲ့ မိဘတွေဟာ သမီးအတွက် ဆေးကုသ စမ်းသပ်မှုတွေ လုပ်ခဲ့ကြပေမယ့် ခုချိန်ထိ ဘာရောဂါလို့ မည်မည်ရရ နာမည်မတပ်နိုင်ခဲ့သေးပါဘူး။
ဆေးပညာရှင်တွေကတော့ ဒါဟာ ရှားပါး သွေးရောဂါတမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
အသက် ၂၈ နှစ်အရွယ် မိခင်ဖြစ်သူ နာဇီမာ ဘီဂမ်က “သမီးက ကျမကို နားထဲကနေ သွေးထွက်တာ ဘယ်လိုလုပ်ရမလဲလို့ မေးတယ်။ ကျမမှာလည်း ဒီအတွက် အဖြေမရှိပါဘူး” လို့ ပြောပါတယ်။
ဖခင်ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် မိုဟာမက်ဒ် အက်ဖ်ဇဲလ်ကတော့ သမီးဖြစ်သူဟာ တနှစ်သမီးအရွယ်မှာ နမိုးနီးယားရောဂါ ရခဲ့ပြီးကတည်းက နှာခေါင်းသွေးလျှံတာ စခဲ့တာလို့ ဆိုပါတယ်။
မိဘတွေဟာ ဒီရောဂါကို ကုသဖို့အတွက် ပေါင်ငွေ ၁၇၀၀ လောက် ကုန်ကျခဲ့ပြီး လက်ရှိမှာ ဆေးဆက်လက်ကုသနိုင်ဖို့ ငွေလိုအပ်နေတာပါ။
သူတို့အနေနဲ့ ရောဂါဆက်လက်ကုသဖို့ ငွေကို ဘယ်လိုရှာဖွေရမလဲ မသိနိုင်ဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။
ရိမ်းဘိုးကလေးဆေးရုံမှ ကလေးအထူးကု ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ ဆီရိရှာရာနီက အာဟန်နာ အက်ဖ်ဇဲလ် အနေနဲ့ ဆက်လက်စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။
“အာဟန်နာဟာ သွေးလဲတာတွေ နောက်ထပ် အများကြီးလုပ်ရဦးမယ်။ ပြဿနာ ထပ်ရှိမယ်ဆိုရင် သူ့ကို စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်ရဦးမှာပါ။”
6 years Ago