ထူးဆန်းကလေးငယ်

August 12, 2017

လူကြီးလာသလို လက်ချောင်းများပါ လိုက်ကြီးလာသည့် ထူးဆန်းကလေးငယ်

အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ အသက် ၁၂ နှစ်အရွယ် တာရစ်ဆိုတဲ့ ကောင်လေးတဦးဟာ ၁၂ လက်မအရွယ် လက်ချောင်းကြီးတွေ ရှိနေလို့ သူငယ်ချင်းတွေက ရှောင်ကျဉ်ကြပြီး ဒေသအတွင်း ကျောင်းတွေကလည်း လုံးဝလက်မခံဘူးလို့ သိရပါတယ်။ ဒီလက်ချောင်းကြီးတွေကြောင့် သူ့ဘာသာ အဝတ်အစားတောင် မဝတ်နိုင်ဘဲ ရွာသားတွေကလည်း ကြိမ်စာတိုက်ခံရလို့ ဒီလိုလက်ချောင်းကြီးတွေ ရှိနေတာလို့ ယူဆနေကြပြီး ကောင်လေးကိုလည်း မကောင်းဆိုးဝါးတကောင်အဖြစ် ခေါ်ဆိုနေကြတယ်လို့ မိသားစုဝင်တွေ အပြောအရ သိရပါတယ်။ “သူမွေးကတည်းက လက်ချောင်းတွေက ကြီးနေတယ်၊ လူလည်းကြီးလာရော လက်ချောင်းတွေလည်း လိုက်ကြီးလာတယ်” လို့ အဒေါ်ဖြစ်သူ ပွတ်ရှ်ပါက ပြောပါတယ်။ “ကလေးရဲ့အဖေ အသက်ရှိတုန်းကတော့ ဒေသခံဆရာဝန် တော်တော်များများနဲ့ ပြပါတယ်။ ဒါပေမယ့် ကလေးအဖေ ဆုံးသွားတော့ အခု အမေပဲရှိတော့တယ်၊ ဘယ်မှာမှ ကုသမှု မခံယူနိုင်တော့ဘူး” လို့ အဒေါ်ဖြစ်သူက ပြောပါတယ်။ တာရစ်က လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေပါတယ်။ သူ့ရဲ့လက်ချောင်းကြီးတွေက နေ့စဉ်အလုပ်လုပ်ဖို့ အတားအဆီးဖြစ်နေတာကြောင့် နေ့စဉ်အလုပ်တွေကို ကူညီလုပ်ဆောင်ပေးရတယ်လို့  အကိုကြီးဖြစ်သူ ဟာဂျန်က ပြေပါတယ်။ “သူ့လက်ချောင်းတွေက အရမ်းကြီးတယ်၊ ကျနော့်ဘဝမှာလည်း ဒါမျိုး တခါမှ မမြင်ဖူးဘူး။ သူ့ဘဝက တက်မလာတော့ဘူး၊ ကိုယ့်အဝတ်အစားတောင် ကိုယ်တိုင်မလဲနိုင်ဘူး၊ ကျနော်ကပဲ တာရစ်ကို စောင့်ရှောက်နေရတယ်။ သူရဲ့နေ့စဉ်အလုပ်တွေဖြစ်တဲ့ ရေချိုးတာ၊ အဝတ်ဝတ်တာနဲ့ စားတာတွေကို ပြီးအောင်လုပ်ဖို့ တာကစ်အတွက် သိပ်ကို ခက်ခဲတယ်။” ဆရာဝန်တွေ ဆေးကုသမှုမပေးနိုင်တဲ့ အခြေအနေက တာရစ်ရဲ့ လက်ချောင်းတွေကို ၁၂ လက်မအထိ ကြီးသွားစေခဲ့ပါတယ်။ ဒီလိုဖြစ်တာကြောင့် တာရစ်ကို အိမ်နီးနားချင်းတွေနဲ့ သူငယ်ချင်းတွေက အနိုင်ကျင့်ပါတော့တယ်။ ဒေသအနီးအနား ကျောင်းတွေက တာကစ် ကျောင်းတက်ဖို့ လက်မခံဘူးလို့ ဆိုပါတယ်။ “အစပိုင်းမှာတော့ သူငယ်ချင်း နည်းနည်းရှိတယ်၊ ဒါပေမယ့် အခုတော့ သူငယ်ချင်း လုံးဝ မရှိတော့ဘူး” လို့ တာရစ်က ပြောပါတယ်။ “လူတွေက ကျနော့်လက်ကို ကြောက်ကြတယ်။ ကျနော်က စာသင်ချင်ပေမယ့် ကျောင်းတွေက လက်မခံဘူး။ လူတွေထင်တာက ကျနော်ကြိမ်စာတိုက်ခံရလို့ ဒါက ကုသလို့ရတဲ့ ကျန်းမာရေးအခြေအနေတခုဆိုတာ သူတို့မသိဘူး” လို့ တာရစ်က ပြောပါတယ်။ “တာရစ်ရဲ့လက်ချောင်းကြီးတွေက အခြားကျောင်းသားတွေကို ကြောက်လန့်စေမှာ ဖြစ်လို့ ကျောင်းအာဏာပိုင်တွေက တာရစ်ကို ကျောင်းမှာ လက်မခံကြဘူး။ ကျောင်းအားလုံးနီးပါးက သူ့ကို ကျောင်းတက်ခွင့်မပြုဘူး” လို့ အကိုဖြစ်သူကလည်း ပြောပါတယ်။ လက်တလောပြသထားတဲ့ ဒေါက်တာ ပဝန်ကူးမားဂန္ဒီက “တာရစ်ပြဿနာက ကျနော်တို့အတွက် တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြဿနာပဲ။ ဒီလိုလူနာမျိုးလည်း အရင်က မတွေ့ဖူးဘူး။ ခပ်ဆင်ဆင်တူတဲ့ ပြဿနာကတော့ ဆင်ခြေထောက်ရောဂါပေါ့။ သူ့ရောဂါအခြေအနေက ဒီရောဂါနဲ့ ဆင်နိုင်တယ်၊ သနားစရာကလေး ပုံမှန်ဘဝအခြေအနေမှာ နေနိုင်ဖို့ ပိုကောင်းတဲ့ ကုသမှုတွေကို ကောင်လေးက မျှော်လင့်ပါတယ်။ အခွင့်အလမ်းတော့ နည်းတယ်၊ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး” လို့ ပြောပါတယ်။ “ကျနော်ကတော့ ဒီအခြေအနေကြီးကို ဖယ်ရှားချင်တယ် ကျနော်လည်း အခြားကလေးတွေလို နေ့တိုင်းကျောင်းတက်ပြီး ပုံမှန်ကလေးတွေလို ကစားချင်တယ်၊ ကျနော့်မှာ ပုံမှန်လက်တွေ ရှိလာမယ်လို့ မျှော်လင့်တယ်” လို့ တာရစ်က ပြောကြောင်း မေရာသတင်းမှာ သြဂုတ်လ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up