ထူးခြားဆန်းပြားတဲ့ အကအလှပြိုင်ပွဲ

January 31, 2020

အလန်းစား အကအလှပြိုင်ပွဲတွေနဲ့ ရှုစားကြရမည့် ဘောလိဝုဒ်ရုပ်ရှင်-Street Dancer(နမူနာ)

ထူးခြားဆန်းပြားတဲ့ အကအလှပြိုင်ပွဲတွေနဲ့ ရှုစားကြရမယ့် ဘောလိဝုဒ်ရုပ်ရှင်-Street Dancer ကို မြန်မာနိုင်ငံမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ အိန္ဒိယအကနည်းပြနဲ့ သရုပ်ဆောင်ဒါရိုက်တာ Remo D'Souza က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး T-Series နဲ့ Remo D'Souza Entertainment ရုပ်ရှင်ထုတ်လုပ်ရေး ၂ ခု ပူးပေါင်းထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း အကအလှတွေ၊ ဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာပါ။ ဇာတ်လမ်းကျောရိုးကတော့ လန်ဒန်မှာ အခြေတည်ထားခဲ့ပြီး မတူညီကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်အကအဖွဲ့ ၂ ဖွဲ့ ထိပ်တိုက်ရင်ဆိုင်ကြရတဲ့ အခြေအနေကို ရှုစားကြရမှာပါ။  ဆုကြေးမြင့်မားပြီး ခမ်းနားတဲ့ ပြိုင်ပွဲမတိုင်ခင်မှာလည်း အဲဒီအဖွဲ့ ၂ ဖွဲ့ဟာ အကြိမ်ကြိမ် ပြိုင်ဆိုင်မှုတွေ ရှိခဲ့ကြဖူးပြီး ခုလိုပြိုင်ပွဲကြီးမှာ ပြန်ဆုံရချိန် ဘာတွေဆက်ဖြစ်လာမလဲ၊ ဝင်ပြိုင်ခဲ့ကြရတဲ့ နောက်ကွယ်က အကြောင်းရင်းကရော ဘာတွေဖြစ်မလဲ၊ ဒါတွေကို ပရိသတ်တွေက အလှည့်အပြောင်း ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ အိန္ဒိယထိပ်တန်းအကဆရာ Remo ဖန်တီးထားတဲ့ ကကွက်တွေနဲ့အတူ ရှုစားကြရမယ့် ဒီကားထဲမှာတော့ နာမည်ကျော်ဘောလိဝုဒ်စတား သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်ကြတဲ့ Varun Dhawan နဲ့ Shraddha Kapoor တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ Sound Tracks ၉ ပုဒ်အထိ ထည့်သွင်းထားခဲ့တာမို့ ပရိ သတ်တွေက သီချင်းတွေ၊ အကအလှတွေနဲ့ တဝကြီး ခံစားကြည့်ရှုကြရမှာပါ။ ဟင်ဒီစကားပြောရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို Not Rated-NR အဆင့် သတ်မှတ်ထားပြီး ယူကျုဘ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိပါတယ်။ ကြာမြင့်ချိန် ၁၄၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီ ၂၄ ရက် နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။
1 year Ago
Up