ထုရိုက်ဖျက်ဆီး

April 20, 2019

ဈေးပေါပစ္စည်းထည့်သဖြင့် ကွန်ဒိုအခန်းအသစ်ကြီးအား ထုရိုက်ဖျက်ဆီး (ရုပ်သံ)

ကတိပေးထားသလောက် အဖိုးမတန်ဘူးလို့ဆိုကာ အသစ်စက်စက် ကွန်ဒိုအခန်းကြီးတခုက အသုံးအဆောင်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဒေါသတကြီး ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ မလေးရှားအမျိုးသားတယောက်ရဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက် အသုံးပြုသူတွေကြားမှာ အထူးပင်ရေပန်းစားနေပါတယ်။ အမည်မသိရသေးတဲ့ ဒီအမျိုးသားရဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ်မှာ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် ညတွင်းချင်းနာမည်ကြီး သွားခဲ့တာဖြစ်ပြီး ဒီဗွီဒီယိုဖိုင်တွေမှာလည်း သူဟာ ဒီပစ္စည်းတွေအတွက် ဘယ်လောက်ဒေါသဖြစ်ရသလဲဆိုတာကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောဆိုသွားခဲ့ပါတယ်။ ဗွီဒီယိုဖိုင်တွေအရ ဒီအမျိုးသားဟာ ဒီကွန်ဒိုအတွက် ရင်းဂစ် ၂ သန်း (ဒေါ်လာ ၄၈၆,၀၀၀) ပေးခဲ့ရတယ်လို့သိရပြီး ဒါပေမယ့်လက်တွေ့ ဆောက်လုပ်ပြီးစီးတဲ့အချိန်မှာ ကွန်ဒိုမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေက သူလိုချင်တဲ့ အဆင့်အတန်းမျိုးမှာ ရှိမနေဘူးလို့ ပြောပါတယ်။ အဲဒီနောက်မှာ သူဟာသူမကြိုက်တဲ့ပစ္စည်းတွေကို အနီရောင်ဆေးနီနဲ့ မှတ်သားခဲ့ပြီး တာဝန်ယူဆောက်လုပ်ပေးတဲ့ ကုမ္ပဏီကို ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်က ကသူလိုချင်တဲ့ ဖြေရှင်းမှုကို လုပ်ဆောင်မပေးနိုင်တာကြောင့် ဒီအမျိုးသားဟာ ဈေးပေါတယ်လို့ သူထင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို တူကြီးတချောင်းနဲ့ စိတ်တိုင်းကျ ထုရိုက်ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုဖျက်ဆီးလိုက်တဲ့အထဲမှာ တံခါးချပ်တွေ၊ ပရိဘောဂ ပစ္စည်းတွေအပြင် ကြမ်းခင်းကြွေပြားတွေလည်း ပါဝင်ပါတယ်။ သူ့ရဲ့ စိတ်တိုင်းကျ ဖျက်ဆီးမှုကို ဗွီဒီယို မှတ်တမ်းတင်စေခဲ့ပြီး နောက်ပိုင်းမှာမှ ဒီဗွီဒီယိုဖိုင်တွေကို ဖေ့စ်ဘွတ်ခ်မှာ ပြန်တင်ခဲ့တာပါ။ “ကျနော်တို့ ကုမ္ပဏီထောင်ထားပါတယ်။ ကျနော်တို့လည်း ပိုက်ဆံရှာနေတာပဲ၊ ဒါပေမယ့် ဒီလိုမျိုးတော့ ဖောက်သည်ကို လိမ်ညာလို့မရပါဘူး။ ခန်းဆီးတပ်ဖို့ တန်းတောင်မပါဘဲနဲ့ ဒါကိုဘယ်လိုလုပ် ဇိမ်ခံကွန်ဒိုလို့ ပြောလို့ရမှာလဲ” လို့ ဒေါသတကြီးပြောဆိုခဲ့ပါတယ်။ ဒီလိုဖျက်ဆီးမှုအတွင်းမှာ အိမ်ပိုင်ရှင်က ဘေးမှာရှိနေတဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းနှစ်ဦးကိုလည်း ကြိမ်းမောင်းခဲ့ပြီးတော့ ဒီအခန်းကို သူမနေတော့ကြောင်းနဲ့ ဒီအခန်းကို ဆောက်ပေးတဲ့ ကုမ္ပဏီရဲ့ Showroom အဖြစ်သာ အသုံးပြုလိုက်ပါတော့လို့လည်း ပြောဆိုလိုက်ပါတယ်။ ဒွီဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာတဲ့နောက်မှာ ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီက အခန်းကို ဖျက်ဆီးသွားတဲ့လူဟာ အခန်းပိုင်ရှင်အစစ် မဟုတ်ကြောင်းနဲ့ သူဟာ အခန်းပိုင်ရှင်ရဲ့ ကိုယ်စားသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပြီး ဒီကိစ္စကိုဖြေရှင်းဖို့ ပိုင်ရှင်အစစ်နဲ့ ဆွေးနွေးနေကြောင်း ပြောပါတယ်။
3 years Ago
Up