ထိုင်ဝမ်မှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ငလျင်ကြောင့် ပြိုကျသွား အဆောက်အအုံအောက်မှာ ပိမိသေဆုံးသူ ၄၄ ယောက်အထိ အတည်ပြုနိုင်ပြီး လူ ၉၀ ကျော် ပျောက်ဆုံးနေပါတယ်။
ဇနီးမောင်နှံ အလောင်း ၂ လောင်းနဲ့အတူ စုစုပေါင်း ၅ လောင်းကို ဒီနေ့ ရှာဖွေနိုင်ခဲ့ပါတယ်။ အပျက်အစီးတွေကို ရှင်းလင်းရင်း ရှာဖွေနေတာ ၄ ရက်မြောက်ပြီဖြစ်လို့ အထဲမှာ ပိမိနေသူတွေ အသက်ရှင်နိုင်တဲ့ မျှော်လင့်ချက်တွေလည်း နည်းပါးနေပြီ။ ဒါပေမ့ယ် ဆွေမျိုးသားချင်းတွေကတော့ မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေတုန်း ဖြစ်ပါတယ်။
ထိုင်နန်မြို့က အဆောက်အဦ ပြိုကျသွားတဲ့အချိန်က လူ ၁၀၀ ကျော် ပိတ်မိနေခဲ့တာပါ။ ကျန်ခဲ့တဲ့ ရက်တွေအတွင်းမှာ အပျက်အစီးတွေ ကြားထဲက အသက်ရှင်သူတွေတချို့ကို ကယ်ထုတ်နိုင်ခဲ့တဲ့အတွက် အကြီးစား တူးဖော်ရှင်းလင်းတာတွေကို မလုပ်သေးဘဲ ထိန်းထိန်းသိမ်းသိမ်းပဲ ဆောင်ရွက်ခဲ့ပါတယ်။
အခုတော့ အထဲမှာ ပိမိနေသူတွေ အသက်ရှင်နိုင်တဲ့ အခွင့်အလမ်း နည်းပါးသွားတဲ့အတွက် တူးဖော်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
မြေငလျင်လှုပ်လို့ ပြိုကျခဲ့တဲ့ လူနေတိုက်ခန်းတွဲအဆောက်အဦကြီး ဆောက်လုပ်ခဲ့ သူတွေကို ထိုင်ဝမ်အာဏာပိုင်တွေက ဖေဖော်ဝါရီ ၉ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
7 years Ago