ထိုင်း-မြန်မာနယ်စပ်

January 5, 2019

ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်၊ ၄ ဦးသေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဖာ့လုံမြို့နယ် မြန်မာနယ်စပ်အနီးမှာ ဇန်န၀ါရီ ၃ ရက်နေ့ညက ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့အဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးသယ်ဆောင်သူ ၄ ဦး သေဆုံးကာ စိတ်ကြွဆေးပြားအလုံးရေပေါင်း ၄ သိန်း သိမ်းဆည်းရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းကွန်မန်ဒို တိုက်ခိုက်ရေးတပ် အမှတ် ၃၁၀၉  က တပ်ဖွဲ့ဝင်တွေဟာ ဇန်န၀ါရီ ၃ ရက်နေ့ည ၁၁ နာရီကျော်က မယ်ဖာ့လုံမြို့နယ် မယ့်ဆလောင်းနောက်ကျေးရွာအုပ်စု အားလယ်ကျေးရွာတ၀ိုက် နယ်မြေလှည့်လည်စစ်ဆေးစဉ် တောထဲမှာ လူ ၇ ဦးမှ ၁၀ ဦးလောက် ကျောပိုးအိတ်ကိုယ်စီနဲ့ ၀င်ရောက်လာတာတွေ့ရှိလို့ စစ်ဆေးဖို့ တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဆိုပါ လူစုက ရပ်မပေးဘဲ သေနတ်နဲ့ ပစ်ခတ်တာကြောင့် နှစ်ဘက် ၁၅ မိနစ်လောက်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ အမှတ် ၃၁ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဆစ်ထိခေတ် ဆရီနီရထင်းက ဇန်န၀ါရီ ၄ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ပစ်ခတ်သံတွေ ငြိမ်သွားပြီးတဲ့နောက် ဇန်န၀ါရီ ၄ ရက် မနက် ၇ နာရီလောက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ နယ်မြေခံရဲတပ်ဖွဲ့၊ မူးယစ်ရဲတို့ပါတဲ့ ပူးပေါင်းအဖွဲ့က နယ်မြေ ၀င်ရောက်ရှင်းလင်းရာမှာ အလောင်း ၄ လောင်းနဲ့ ကျောပိုးအိတ် ၄ လုံး တွေ့ရှိရကြောင်း၊ ကျော ပိုးအိတ် ၁ လုံးစီမှာ စိတ်ကြွဆေးပြား အလုံးရေ ၁ သိန်းပါရှိတဲ့အတွက် အိတ် ၄ အိတ်ကနေ စိတ်ကြွဆေးစုစုပေါင်း ၄ သိန်း သိမ်းဆည်းရမိခဲ့တာလို့ တပ်ရင်းမှူးက ဆက်ပြောပါတယ်။ သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးတွေမှာ ဘယ်အဖွဲ့က ထုတ်လုပ်တယ်ဆိုတာတော့ မသိရကြောင်း၊ နောက်ထပ်ကွင်းဆက်တွေကို ဖမ်းဆီးရမိဖို့ နယ်မြေတွင်း စောင့်ကြပ်စစ်ဆေးနေတယ်လို့ တပ်ရင်းမှူးက ပြောသွားပါတယ်။
3 years Ago

August 27, 2015

ထိုင်း-မြန်မာ အထူးစီးပွားရေးဇုန် စတင်ဆောက်လုပ်၊ အလုပ်သမား အများအပြားလိုအပ်

ထိုင်း-မြန်မာ နယ်စပ်မှာ အထူးစီးပွားရေးဇုန် စတင်ဆောက်လုပ်နေပြီး အလုပ်သမား အများအပြား လိုအပ်နေတယ်လို့ အထူးစီးပွားရေးဇုန်မြို့ တည်ဆောက်ရေး ဒါရိုက်တာ နိုင်းကြာရုလိုက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်က အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ နေရာမှာ နယ်စပ်ဖြတ်ကျော်တံတား အမှတ် ၂ ကို လာမယ့် သြဂုတ် ၃၀ ရက်နေ့ စတင်ပန္နက်ရိုက်မှာ ဖြစ်ပြီး လိုအပ်တဲ့ အဆောက်အဦတွေကို ထိုင်းဘက်မှာ စတင်ဆောက်လုပ်နေပါတယ်။ အထူးစီးပွားရေးဇုန်တရပ်အနေနဲ့ ထိုင်းဘက်က အမြန်ဆုံး၊ အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ပေါ်လစီ ချမှတ်ထားပြီး ထိုင်း-မြန်မာနယ်စပ်မှာ မဲဆောက်မြို့နဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ စကရောက်မြို့တို့မှာ အဓိကထား ဆောက်လုပ်သွားမယ်လို့ အထူးစီးပွားရေးဇုန်မြို့ တည်ဆောက်ရေး ဒါရိုက်တာက ပြောပါတယ်။ နယ်စပ်အထူးစီိးပွားရေးမှာ လာရောက်ရင်းနှီးမယ့် စီးပွားရေးသမားတွေအတွက် သူတို့နဲ့ အတူပါလာမယ့် စက်ယန္တရားတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ စက်ရုံ၊ အလုပ်ရုံ တည်ဆောက်ပြီး ပထမဆုံး ၄၊ ၅ နှစ် အခွန်ကင်းလွတ်ခွင့်တွေကို ထိုင်းနိုင်ငံဘက်က ပေးမယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဒု-အုပ်ချုပ်ရေးမှူး နိုင်းစုထားကတော့ ရွှေပြောင်းအလုပ်သမားတွေ မနက်လာ၊ ညနေပြန်တာမျိုးကို ဗီဇာမလိုအပ်ဘဲနဲ့ သွားလာနိုင်မလား၊ ဒါမှမဟုတ် ရက်ပေါင်း ၉၀ လက်မှတ် ပြုလုပ်ပေးနိုင်မလား၊ ဒါမှမဟုတ် ရက် ၃၀ နေထိုင်ခွင့် ပေးနိုင်မလား စတဲ့ အခြေအနေမျိုးတွေကို  ဆွေးနွေးနေဆဲဖြစ်ပြီး အဲဒီအလုပ်သမားတွေရဲ့ ကျန်းမာရေး အပါအ၀င် အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရေးတွေကိုလည်း ထည့်သွင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အာဆီယံ စီးပွားရေးဇုန်ထဲမှာ မြန်မာနိုင်ငံက မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ ပါဝင်နေပြီး အဲဒီအတွက် အာရှလမ်းမသစ် အပါအ၀င် မြ၀တီ-မဲဆောက် နယ်စပ်ဖြတ်ကျော်တံတား အမှတ် ၂ တို့ကို တည်ဆောက်နေတာပါ။ တံတားအမှတ် ၂ အပြင် အဲဒီတံတားနဲ့ ဆက်စပ်တဲ့ ၂ နိုင်ငံစလုံးမှာ စီးပွားရေး အဆောက်အဦတွေဖြစ်တဲ့ စူပါမားကက်တွေ၊ ဟိုတယ်တွေနဲ့ နိုင်ငံတကာက အလုပ်ရုံးခန်းတွေ  ပါဝင်တဲ့ အာဆီယံ စီးပွားရေး အဝန်းအဝိုင်းတခုကိုပါ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
6 years Ago
More News
Up