ထိုင်းနိုင်ငံ ခရိုင် ၂၇ ခုကို သဘာဝဘေးဒဏ်သင့် ဒေသများအဖြစ် ကြေညာ

April 25, 2016

ထိုင်းနိုင်ငံ ခရိုင် ၂၇ ခုကို သဘာဝဘေးဒဏ်သင့် ဒေသများအဖြစ် ကြေညာ

ထိုင်းနိုင်ငံမှ ခရိုင် ၂၇ ခုကို မိုးခေါင်ဒဏ်ခံ သဘာဝဘေးဒဏ်သင့် ဒေသများအဖြစ် ထိုင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် တားဆီးကာကွယ်ရေးဌာနက ဧပြီ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာပြီးနောက်မှာ အဲဒီဒေသက ဘေးဒဏ်သင့်ပြည်သူတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ထိုင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် တားဆီးကာကွယ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ချက်ချိုင်းပရွန်လာ့တ်က ခရိုင် ၂၇ ခုအတွင်းမှ စီရင်စု ၁၃၈ ခုအတွင်း ကျေးရွာပေါင်း ၄၉၈၄ ရွာဟာ မိုးခေါင်မှုဒဏ်ကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ  လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါခရိုင် ၂၇ ခုထဲမှ ခရိုင် ၁၀ ခုဟာ ရေပြတ်လပ်နေပြီး ခရိုင် ၉ ခုကတော့ စိုက်ပျိုးရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကျန်ခရိုင် ၈ ခုကတော့ စိုက်ပျိုးရေးဆိုင်ရာ ပြဿနာရော ရေပြတ်လပ်မှုကိုပါ ခံစားနေကြရတာဖြစ်တယ်လို့ ထိုင်းဗီဇာသတင်းမှာ ဖော်ပြပါတယ်။ ထိုင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် တားဆီးကာကွယ်ရေးဌာနအနေနဲ့ ဒေသတွင်း အုပ်ချုပ်ရေးနဲ့ စစ်ဘက်ဆိုင်ရာဌာနတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအဖြစ် သဘာဝဘေးဒဏ်သင့် ဒေသတွေဆီ ရေတွေကို လှောင်ကန်တွေနဲ့ သွားရောက်ကူညီပေးနိုင်ဖို့ နှိုးဆော်ထားတယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ ချင်းမိုင်ခရိုင်တွင်းမှာ လေထုတွင်း မြူထူပါဝင်မှု ပမာဏဟာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု အဆင့်တဆင့်အနေနဲ့ ရှိနေဆဲပဲဖြစ်တယ်လို့ ဆိုပါတယ်။ သဘာဝဘေးဒဏ်သင့်ဒေသတွေက ပြည်သူတွေအနေနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် လိုအပ်ရင် အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၇၈၄ ကို ဆက်သွယ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
6 years Ago
Up