ကိုရီးယားကျွန်းဆွယ်က တင်းမာမှုတွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ထောက်ခံတယ်လို့ ရုရှားနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတွေက ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သြဂုတ် ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမဒ်ဝီနိုင်းတို့က ပြောလိုက်တာပါ။
ရုရှားနဲ့ ထိုင်းတို့ဟာ ကုလသမဂ္ဂကို ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဗဟိုအဖွဲ့အစည်းအဖြစ် နေရာပေးပါတယ်။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို အခြေခံပြီး ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမှ အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒီလိုဖြေရှင်းဖို့ ရုရှားနဲ့ ထိုင်းတို့က ထောက်ခံတယ်လို့လည်း ဆက်ပြောပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံအပြီးမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ တွေ့ဆုံပါတယ်။
ထိုင်းနဲ့ ရုရှားတို့ကြား ကုန်သွယ်ရေးဟာ ဖြည်းဖြည်းချင်း တိုးလာနေလို့ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း တိုးချဲ့ဖို့ သက်ဆိုင်ရာဌာနတွေကြား နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
5 years Ago