ထိုင်းနိုင်ငံသားများ

June 29, 2018

ဟာလေဒေဗစ်ဆင် ဆိုင်ကယ်စက်ရုံ ဖွင့်မည့်ကိစ္စ ထိုင်းနိုင်ငံသားများ ကြိုဆို

နာမည်ကျော် အမေရိကန် မော်တော်ဆိုင်ကယ် ဟာလေဒေဗစ်ဆင်စက်ရုံ လာရောက်ဖွင့်လှစ်မယ့် ကိစ္စကို ထိုင်းနိုင်ငံသားတွေက ကြိုဆိုနေကြပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) က အမေရိကန်နိုင်ငံတွင်းမှာ ထုတ်လုပ်တဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ့် မူဝါဒ ချမှတ်လိုက်တာကြောင့် အမေရိကန် မော်တော်ဆိုင်ကယ်ကုမ္ပဏီ ဟာလေဒေဗစ်ဆင် စက်ရုံတွေကို အမေရိကန်ရဲ့ ပြင်ပနိုင်ငံတွေမှာ ထားရှိဖို့ ဆုံးဖြတ်လိုက်တာပါ။ အီးယူရဲ့ မူဝါဒအသစ်ကြောင့် ဟာလေဒေဗစ်ဆင် ကုမ္ပဏီအနေနဲ့ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၉ဝ ကနေ ၁ဝဝ ထိ ကုန်ကျငွေတိုးလာမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဟာလေဒေဗစ်ဆင် မော်တော်ဆိုင်ကယ် ကုမ္ပဏီက အီးယူကိုတင်ပို့မယ့် ကုန်စည်တွေအတွက် ဘရာဇီး၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာ စက်ရုံတည်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဟာလေဒေဗစ်ဆင် ကုမ္ပဏီကို အခွန်တိုးကောက်မယ်လို့ ဇွန်လ ၂၇ ရက်နေ့က ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပ ဝယ်သူတွေအတွက် ထုတ်လုပ်မယ့် စက်ရုံကို အမေရိကန်ပြင်ပကို ရွှေ့မယ်ဆိုရင် အမေရိကန်လူထုရဲ့ မကောင်းမြင်မှုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားသွားပါတယ်။ ဘရာဇီး၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့က စက်ရုံတွေ ထုတ်လုပ်အားမြှင့်ဖို့ဆိုရင် အချိန် ၉ လကနေ ၁ နှစ်ခွဲထိ ကြာနိုင်တယ်လို့လည်း ဟာလေဒေဗစ်ဆင်ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ထိုင်းမှာ စက်ရုံဖွင့်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဟာလေဒေဗစ်ဆင်ဆိုင်ကယ် ကြိုက်နှစ်သက်သူတဦးက “ဟာလေဒေဗစ်ဆင်စက်ရုံ ထိုင်းကိုရွှေ့မယ် ကြားပါတယ်။ စိတ်လှုပ်ရှားမိတယ်ဗျ။ ဆိုင်ကယ်ဈေး ကျမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ပြောသွားတာပါ။ “ရောင်းအားကတော့ တက်လာမှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ ဈေးက သူ့ဈေးက တခြားနာမည်ကြီး ဆိုက်ကယ်တွေနဲ့ ဈေးတူသွားမှာမို့ပါ။ ကျနော့်လို အရောင်းသမားတွေအတွက်ကတော့ ပျော်စရာကြီးဖြစ်မှာပါ” လို့ အရောင်းဝန်ထမ်းတဦး ကပြောပြသွားတာ ဖြစ်ပါတယ်။
3 years Ago
Up