ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်မှု ပိုဆိုးနိုင်ကြောင်း ပညာရှင်များ သတိပေး

January 29, 2016

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်မှု ပိုဆိုးနိုင်ကြောင်း ပညာရှင်များ သတိပေး

ထိုင်းနိုင်ငံတွင်း တုပ်ကွေးဖျား ကူးစက်မှု အကြီးအကျယ် ဖြစ်ပွားခဲ့အပြီး ၂၀၁၆ မှာ ပိုဆိုးနိုင်ကြောင်း ပညာရှင်တွေက သတိပေးတာ ခံထားရလို့ ကြိုတင် ပြင်ဆင်နေကြပါတယ်။ မနှစ်က ထိုင်းနိုင်ငံမှာ တုပ်ကွေးဖျား ကူးစက်ခံလူနာ ၁ သိန်း ၄ သောင်းကို မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် တုပ်ကွေးဖျား ကူးစက်မှုအတွင်း လူနာအယောက် ၁ သိန်း ၇ သောင်းလောက် ကူးစက်ခံခဲ့ရတာပါ။ တုပ်ကွေးကူးစက်မှုခံစစ် ပထမမျဉ်းအနေနဲ့ ဒေသခံ အရာရှိတွေက ခြင်သတ်ဆေးဖျန်းတဲ့ စက်တွေကို ကိုင်စွဲပြီး ဘန်ကောက်ဝန်းကျင်က ခြင်ပေါက်ပွားရာ နေရာတွေကို နှိမ်နင်းဖို့ ကင်းလှည့် ကြိုးစားနေတာပါ။ ရုပ်သံမင်းသား သရီစာဒီ စာဟာဝုန် အပါအဝင် တုပ်ကွေးကြောင့် လူသေဆုံးမှု ၁၂၆ ဦးကို မှတ်တမ်းတင်ပြီးပါပြီ။ ရုပ်ရှင်မင်းသား သေဆုံးမှုကြောင့် တုပ်ကွေးဖျားဟာ ဝေးလံသီခေါင်တဲ့ နေရာမှာ နေတဲ့သူတွေကိုသာ ကူးစက်တာ မဟုတ်ဘူးဆိုတာ အများပြည်သူတွေ သတိထားမိလာခဲ့ကြပါတယ်။ ဘန်ကောက်စည်ပင်အုပ်ချုပ်ရေး ကျန်းမာရေးဌာနက ဒေါက်တာ ဒူအန်ပွန် ပင်စရီလေစီကူးလ်ကတော့ လူတွေ မြို့တော်ကို ပိုရွှေ့လာလို့ မြို့ငယ်တွေ၊ ခရိုင်မြို့တွေထက် ကူးစက်မှု ပိုဆိုးတယ်လို့ ပြောပါတယ်။ ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက တုပ်ကွေးကူးစက်မှုဟာ ဒီနှစ်ထဲမှာ ၁၆ ရာခိုင်နှုန်း ပိုများလာနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။ ထိုင်းနိုင်ငံတွင်း တုပ်ကွေးဖျား ကူးစက်ခံရသူဟာ အရင်က ကလေးတွေမှာ အဖြစ်များပေမယ့် ခုတော့ လူငယ်လူရွယ်တွေမှာ အဖြစ်များလာပါတယ်။ အဆစ်အမြစ်ကိုက်တာ၊ အဖျားတက်ပြီး အင်ပြင်ထွက်တာထိ ဖြစ်နိုင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာ၊ ပိုဆိုးတာ ဖြစ်နိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးကို မက္ကဆီကို၊ ဖိလစ်ပိုင်နဲ့ ဘရာဇီးနိုင်ငံတွေမှာ အတည်ပြုပြီးပေမယ့် ဗိုင်းရပ်စ်ရဲ့ ရှုပ်ထွေးတဲ့ သဘာဝကြောင့် သင့်တော်တဲ့ ကာကွယ်ဆေးကို အတည်ပြုဖို့ ခက်ခဲနေပါတယ်။ လောလောဆယ်တော့ ထိုင်းရဲ့ တုပ်ကွေးတိုက်ဖျက်ရေး ဗျူဟာက ခြင်ပေါက်ဖွားစရာ နေရာ၊ အခွင့်အလမ်းတွေကို နှိမ်နင်း ဖယ်ရှားဖို့ပါ။ ခြင်ရော တုပ်ကွေးဗိုင်းရပ်စ်ကပါ ဆေးတွေကို ယဉ်ပါးလာပြီး မျိုးဗီဇ ပြောင်းလာမှာကို စိုးရိမ်မှု ရှိနေကြပါတယ်။
6 years Ago
Up