ထိုင်းနိုင်ငံတွင်း လူကုန်ကူး သံသယရှိသူ ၉၂ ဦးကို တရားရုံးကြားနာမှု စတင်

A d v e r t i s e m e n t With Us

March 16, 2016

ထိုင်းနိုင်ငံတွင်း လူကုန်ကူး သံသယရှိသူ ၉၂ ဦးကို တရားရုံးကြားနာမှု စတင်

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးသူတွေလို့ သံသယရှိတဲ့လူ ၉၂ ဦးကို တရားရုံးကြားနာမှု မတ် ၁၅ ရက်နေ့က မြို့တော် ဘန်ကောက်မှာ စတင်လိုက်ပါတယ်။ ထိုင်း-မလေးရှား နယ်စပ်က တောနက်ထဲမှာ ရွှေ့ပြောင်းလုပ်သားတွေကို တွင်းတိမ်တိမ်တူးပြီး မြှုပ်ထားတဲ့ မြေပုံတွေကို ရှာတွေ့အပြီး သူတို့ကို ဖမ်းဆီးခဲ့တာပါ။ ထောင်ဝတ်စုံဝတ်ထားတဲ့ သူတို့ကို တနေကုန်ကြာမယ့် တရားရုံး ကြားနာမှုအတွက် လုံခြုံရေးတွေ ခြံရံ ခေါ်ဆောင်လာခဲ့တာပါ။ လူကုန်ကူးမှုနဲ့ သံသယရှိသူ ၉၂ ဦးထဲမှာ စစ်ဗိုလ်ချုပ်တယောက်၊ အရပ်သားတွေနဲ့ ရဲတွေ ပါပါတယ်။ သံသယရှိသူ အယောက် ၅၀ လောက်က လွတ်မြောက်နေဆဲဖြစ်ပြီး တချို့က မြန်မာနိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။ ထိုင်းအာဏာပိုင်တွေက လူကုန်ကူးမှုကို မနှစ်က နှိမ်နင်းအပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လှေတွေကို ကမ်းပေါ် အကပ်မခံခဲ့လို့ လူကုန်ကူးသူတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို လှေပေါ်မှာ ပင်လယ်ထဲ ဒီအတိုင်း စွန့်ပစ် ထားခဲ့ကြပါတယ်။ ရာနဲ့ချီတဲ့ မျက်မြင်သက်သေတွေဟာလည်း ရဲအကာအကွယ် လုံလောက်အောင် မရခဲ့ကြလို့ ဒီအမှုက ၂ နှစ်လောက် ကြာနေခဲ့ပြီး လူ့အခွင့်အရေး အုပ်စုတွေကလည်း စိုးရိမ်ကြောင်း ပြောခဲ့ကြပါတယ်။ ထိုင်းရှေ့နေချုပ်ရုံးက ဒီအမှုကို ၁ နှစ်အတွင်း အပြီးစစ်မယ်လို့ ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ လူကုန်ကူးမှုစစ်တမ်း (တီအိုင်ပီ) ထဲမှာ ထိုင်းနိုင်ငံဟာ အနိမ့်ဆုံးအဆင့်မှာ ဆက်ရှိနေပါတယ်။ ဒီစစ်တမ်းထဲမှာ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုကို နှိမ်နင်းရာမှာ အနိမ့်ဆုံး စံချိန်စံညွှန်းကို မပြည့်မီဘူးလို့ ဖော်ပြထားပါတယ်။
5 years Ago
Up