ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အိမ်ဆိုင်တစ်ခုက ရေခဲသေတ္တာထဲမှာ ဝှက်ထားတဲ့ လူသေ အလောင်း၊ သေနတ်နဲ့ မူးယစ်ဆေးဝါးများကို ရဲများရှာဖွေတွေ့ပြီးနောက် ပတ်စပို့တ်အတု ကိုင်ဆောင်တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသား ၃ ဦးဟာ တာဝန်ချိန်အတွင်း ရဲဝန်ထမ်းအား သေကြောင်းကြံစည်မှု၊ ပြန်လည်ခုခံမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ပတ်စပို့တ်အတု လုပ်ဆောင်မှု၊ လူသေအလောင်းအား ဖွက်ထားမှုစတဲ့ အမှု ၅ မှုနဲ့ ရင်ဆိုင်နေရပါတယ်။
စုံစမ်းစစ်ဆေးနေစဉ်အတွင်း သံသယရှိတဲ့သူတွေကို ၁၂ ရက်အကြာထိန်းသိမ်းဖို့ ရဲတွေရဲ့ တောင်းဆိုမှုကို ဖရာခနွန်ခရိုင်တရားရုံးကနေပြီး စနေနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ သံသယရှိသူတွေဟာ တရားဝင်အမှုဖွင့်တာ မတိုင်ခင် အများဆုံး ၁၂ ရက်ကြာ ၇ ကြိမ် ဖမ်းဆီးထားနိုင်မှာဖြစ်ပြီး သူတို့ကို ဘန်ကောက်မြို့ရဲ့ ရမာန်ထောင်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
သံသယရှိသူ နိုင်ငံခြား ၃ ဦးကတော့ အမေရိကန်နိုင်ငံသား ၂ ဦးဖြစ်တဲ့ အေရွန်သောမက်စ်ဂေဘယ်လ် ၃၃ နှစ်၊ ဂျိမ်းစ်ဒေါက်ဂလက်စ်အီးဂါး ၆၆ နှစ်နဲ့ ဗြိတိန်လူမျိုး ပီတာအင်ဒရူးကော်လ်တာ ၅၆ နှစ်တို့ဖြစ်ပါတယ်။
သောကြာနေ့ကဝင်ရောက်ဖမ်းဆီးမှုအတွင်း ရှာဖွေတွေ့ခဲ့တဲ့ ရေခဲသေတ္တာထဲမှာ ဝှက်ထားတဲ့ ၆ ပိုင်းပိုင်းထားတဲ့ လူသေအလောင်း ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ ရဲတွေကစုံစမ်းနေဆဲလို့ သိရပါတယ်။ သောကြာနေ့ရှာဖွေမှုအတွင်း ပစ်စတို ၆ လက်၊ မက်သဖက်တမင်း၊ မာရီဂျုရာနာ၊ ပတ်စပို့များ၊ ပရင်တာတစ်လုံးနဲ့ ဓါတုပစ္စည်းတွေ့ရှိသိမ်းဆည်းမိပါတယ်။ သံသရှိတဲ့သူတွေရဲ့ ဓာတ်ပုံပါ အမည်အမျိုးမျိုးနဲ့ ပတ်စပို့စာအုပ်တွေလည်း ရဲတွေက တွေ့ခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ အပိုင်းပိုင်းခုတ်ထားတဲ့အလောင်းနဲ့ပတ်သက်ပြီး ဘာမှသိထားတာ မရှိဘူးလို့ ငြင်းဆိုကြောင်း ရဲအရာရှိတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူမှ အမှုကိုစုံစမ်းမည်ဖြစ်ကြောင်း ဒါပေမယ့် ကိုယ်ရေး ကိုယ်တာ အရေးကိစ္စတွေကိုတော့ သုံးသပ်ပြောကြားမှာမဟုတ်ကြောင်း ပြောလိုက်ပါတယ်။
မြန်မာအိမ်အကူနဲ့သူမရဲ့ခင်ပွန်းကတော့ အစပိုင်းမှာ အုပ်စုနဲ့အတူ ဖမ်းဆီးခံရပေမဲ့ ဘယ်အမှုနဲမှ တရားစွဲဆိုခံရခြင်းမရှိပဲ သက်သေအနေနဲ့ လိုက်ပါဆောင်ရွက်ပေးရမယ်လို့ မက်ထရိုပိုလီတန်ရဲဗျုရိုရဲ့ လက်ထောက်ရဲအရာရှိတဦးဖြစ်သူ စူဝက်ဂျန်ယိုစက်က်က ပြောလိုက်ပါတယ်။
4 years Ago