ထိုင်းမြောက်ပိုင်း

August 22, 2018

ထိုင်းမြောက်ပိုင်းတွင် စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းကျော် စံချိန်တင်ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စိတ်ကြွမူးယစ်ဆေးပြား ၃ ဒသမ ၂ သန်းနဲ့ ခရစ္စတယ် မက်သဖက်တမင်း ၁၇၀ ကီလိုဂရမ် ဖမ်းမိခဲ့ပြီး ဒါဟာ စံချိန်တင်ဖမ်းဆီးရမိမှု ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ သြဂုတ် ၂၁ ရက်နေ့က ဖော်ပြပါတယ်။ ဒီမူးယစ်ဆေးဝါးတွေဟာ လာအိုနိုင်ငံဘက်မှ တင်သွင်းလာတာဖြစ်ပြီး ကားနဲ့ တင်ဆောင်လာတဲ့ ထိုင်းအမျိုးသားကိုပါ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ ဘိလပ်မြေတင် လော်ရီကားတစီးနဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာခဲ့ကာ မောင်ခရိုင်ထဲက ဘိလပ်မြေစက်ရုံရှေ့မှာ ရပ်ထားခဲ့ချိန် ကင်းလှည့် ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံပြီး ဖမ်းဆီးခံခဲ့ရတာပါ။ ကားပေါ်မှာတော့ အနက်ရောင် ပလတ်စတစ်အိတ်တွေနဲ့ အုပ်ထားတဲ့ မူးယစ်ဆေးဝါးအိတ် ၁၉ အိတ်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီထဲက ၁၃ အိတ်ထဲမှာ စိတ်ကြွမူးယစ်ဆေးပြား ၃ ဒသမ ၂ သန်း ထည့်သွင်း သယ်ဆောင်လာကာ ကျန်တဲ့ ၆ အိတ်ထဲမှာတော့ မက်သဖက်တမင်း ၁၇၀ ကီလိုဂရမ်ကို သယ်ဆောင်လာခဲ့တာလို့ ဥဒုံဌာနီခရိုင်ရဲဌာနမှ ရဲချုပ် ဖီရာဖောင် ဝေါင်ဆမန်က ပြောပါတယ်။ ခန်ချစ်လို့ အမည်ရတဲ့ ထိုင်းကားမောင်းသမားဟာ ဘိလပ်မြေတွေကို လာအိုဆီ မောင်းပို့ဖို့ သွားရောက်ချိန်မှာ ချိုင်ဖွန် အမည်ရတဲ့ မူးယစ်မှောင်ခိုတဦးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မူးယစ်ဆေးဝါးတွေကို လာအိုကနေ ထိုင်းနိုင်ငံတွင်း သယ်ဆောင်လာဖို့ အခပေး ခိုင်းစေခံခဲ့ရတာလို့ ဆိုပါတယ်။ ခန်ချစ်ဟာ မူးယစ်ဆေးစွဲနေသူတဦး ဖြစ်နေတာမို့ ဒီအလုပ်ကို ဘတ် ၂ သိန်းနဲ့ လက်ခံခဲ့တာလို့ ဆိုပါတယ်။ သူဟာ မူးယစ်ဆေးဝါးတွေကို ထိုင်း-လာအို ချစ်ကြည်ရေးတံတားမှတဆင့် ဖြတ်သန်းသယ်ဆောင်လာခဲ့တာဖြစ်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up